Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်သား ၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
December 4, 2021

စစ်ကောင်စီ တပ်သား ၅ ယောက် ဒီဇင်ဘာ ၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ထံကနေတဆင့်  ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ PGF တပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ် သက္ကယ်ကျင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ဟာ ဒီမနက် ၂ နာရီလောက်က ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ PGF သို့ လာရောက်ပူးပေါင်းခဲ့တာလို့ PGF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ပျံလွှားက ပြောပါတယ်။

လာရောက်ပူးပေါင်းလာသူတွေကတော့ ချင်းပြည်နယ် မတူပီအခြေစိုက် ခမရ(၁၄၀) တပ်ရင်းက တပ်သားဝေမင်းထိုက် (ကိုယ်ပိုင်အမှတ် တ/၅၅၈၉၉၀) ၊ တပ်သား မင်းမင်းဦး (တ/၅၇၁၁၇၃)၊ တပ်သားပိုင်ပိုင် (တ/၄၃၄၂၅၈) ၊ တပ်သား နိုင်မင်းခန့် (တ/၅၇၁၃၀၀) နဲ့ တပ်သား စိုင်းမြတ်သူ  (တ/၅၇၁၁၀၆)  တို့ဖြစ်တယ်လို့ ဆိုပါတယ်။

CDM ပြည်သူ့စစ်သားတစ်ယောက်က “ပခုက္ကူ ဆန္ဒပြပွဲကို သွားထိန်းပေးပြီး တောထဲဝင်လာရတယ်။ လစာမထုတ်ရတာလည်း ၃ လလောက်ရှိနေပြီးတော့ တပ်မတော်ထဲမှာ ဆက်မနေချင်တော့လို့ ဒီဘက်ကို လာပူးပေါင်းတာ ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်အတွင်းမှာရှိနေတဲ့ တပ်မတော်သားတွေအနေနဲ့လည်း CDM ပြုလုပ်ပြီးတော့ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းကာ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြပါလို့  CDM တပ်သားက ဖိတ်ခေါ်ပါတယ်။

အဲဒီ ပြည်သူ့စစ်သား ၅ ယောက်ကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပြီးတော့ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးဖို့ စီစဥ်နေတယ်လို့ ဗိုလ်ပျံလွှားက ပြောပါတယ်။

ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ PGF အနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံမယ့် စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုပြီးတော့ လက်နက်အပြည့်စုံနဲ့ အလင်းဝင်လာသူတွေကိုလည်း ထိုက်သင့်တဲ့ ဆုကြေငွေချီးမြှင့်ပေးကာ  လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ယခုတစ်ပတ်အတွင်းမှာ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့က မိုင်းထောင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၅၀ ကျော်လောက် သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024