စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာလ ၃ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်လို့ CDM ကျောင်းဆရာ တယောက် ကျဆုံးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီကသိရပါတယ်။
“စစ်ကြောင်းနဲ့ ပက်ပင်းတိုးမိပြီး အဖွဲ့သားတွေ ပြေးနိုင်စေဖို့ ကာပစ် ပစ်ပေးရင်း စစ် (--) တွေရဲ့လက်ချက်နဲ့ ကျဆုံးသွားတာဖြစ်တယ်" လို့ ဒေသခံ PDF အဖွဲ့က ပြောပါတယ်။
ကျဆုံးသွားသူဟာ CDM ကျောင်းဆရာ ကိုမြဝင်းကိုဖြစ်ပြီး မြို့နယ် PDF ရဲ့ စစ်ဆင်ရေး ခေါင်းဆောင်တယောက်ဖြစ်တယ်လို့ သိရကာ စစ်ကောင်စီလက်ချက်နဲ့ ကျဆုံးသွားတယ်လို့ ဒီပဲယင်း PDF က အတည်ပြုထားပါတယ်။
ဒီပဲယင်းမြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက်ကလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတချို့ သေဆုံးခဲ့ရသလို အခုချိန်အထိလည်း ဒီပဲယင်း အရှေ့ခြမ်းရော အနောက်ခြမ်းမှာပါ စစ်ကြောင်းထိုးနေတယ်လို သိရပါတယ်။