ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၁ ယောက်အပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ကန်ပက်လက် CDF ကနေ သိရပါတယ်။
ကန်ပက်လက်မြို့ အ.ထ.ကမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကန်ပက်လက် CDF က မွန်းလွဲ ၁ နာရီလောက်ကနေ ၂ နာရီအထိ အချိန် ၁ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၁ ယောက်အပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ကန်ပက်လက် CDF တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ မိမိတို ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံး မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ၊အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
ကန်ပက်လက်မြို့မှာ နိုဝင်ဘာ ၂၈ ရက်ကလည်း ကန်ပက်လက် CDFနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၆ ယောက်အပြင်းထန်ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။