မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၄၀၂ ဦးတွေ့ရှိ၊ ၇ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၀၂ ယောက်နဲ့ ၇ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။ 

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။ 

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ  ၁၉,၃၃၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၄၀၂ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒသမ ၁ ရာခိုင်နှုန်း  ရှိနေပါတယ်။ 

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့  ၅၁၆  ယောက်ရှိနေတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၃,၇၄၈ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၁၂၇  ယောက် ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံအတွင်း ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၁.၈၅ သန်း (၁၁,၈၅၈,၅၉၈) ဦးနဲ့  ပထမအကြိမ်ထိုးနှံပြီးစီးသူ ၄.၉၉ သန်း (၄,၉၉၀,၅၇၄၇) ဦးရှိပြီလို့ သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ၂၁ ဒသမ ၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံထားပြီး ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတဲ့ ၃၆ နိုင်ငံမှာ ပျံ့နှံ့ကူးစက်နေပြီး အာဖရိကနိုင်ငံတွေ၊ ဉရောပနိုင်ငံတွေ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယနဲ့ မလေးရှား စတဲ့နိုင်ငံတွေ ကူးစက်ခံနေရပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up