စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ဘက်ကနေ ကနီမြို့နယ် ကျောက်လှေကား၊ ယင်း၊ ကုန်းသာကျေးရွာဘက်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
စစ်ဘေးရှောင်ပြည်သူတစ်ဦးက “စစ်ကောင်စီက ရေဦးမြို့နယ်၊ ဒီးပဲယင်းမြို့နယ်၊ ကနီမြို့နယ်သုံးပွင့်ဆိုင် နယ်ကြားကနေ ကျနော်တို့ကနီဘက်ကို စစ်ကြောင်းထိုးဖို့ လုပ်လာတယ်။ အဓိကလာတာက ရေဦးနယ်ကနေ ကျနော်တို့ ရွာဘေးချင်းတွင်းမြစ်က ဆုန်ဆင်းလာမယ့် ဖလက်မော်တော်တွေ ကာကွယ်ရအောင်လို့ လာတဲ့သဘောပဲဗျ။ သူတို့က တပ်ဖြန့်လားတယ်။”
ပြီးခဲ့တဲ့လက ယင်းကုန်းသာက စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က မတရား သတ်ဖြတ်ခဲ့တာကြောင့် အခုလို ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။
“သူတို့ကို ကြောက်ပြီး ထွက်ပြေးရတာဗျ။ မပြေးရင်လည်း နောက်ထပ်အသတ်ခံရဦးမယ်။”
ယင်း၊ ကုန်းသာကျေးရွာဟာ ကနီမြို့နယ်မြောက်ဖျား ချင်တွင်းမြစ်အရှေ့ဘက် မင်းကင်း၊ ရေးဦး၊ ဒီပဲယင်းမြို့နယ် စတဲ့ မြို့နယ်တွေဆုံရာ နယ်ဆက်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
ကင်းကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ”ထွက်ပြေးလာတဲ့သူတွေကိုတော့ ကျနော်တို့ ကင်းပြည်သူ့ကာကွယ်ရေးတပ်က ဦးဆောင်ပြီး စက်လှေတွေနဲ့ခေါ်ဆောင်ပေးထားတယ်ဗျ။ စားရေးသောက်တာကတော့ ပြည်သူက ပြည်သူကူညီနေရတာပဲ။ အဆင်ပြေအောင်တော့ အလုံးစုံကူညီပေးသွားမယ်” လို့ ပြောပါတယ်။