ရခိုင်ပြည်နယ်၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ရှိနေတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကုန်စည်နဲ့ ရေချိုငါးပို့ဆောင်တဲ့ သင်္ဘောသားတချို့မှာ ပိုးကူးစက်မှုတွေ တွေ့ရတာ ဖြစ်ပါတယ်။
ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ဒေါက်တာစိုးဝင်းပိုင်က "ပိုးတွေ့တာတော့ တွေ့နေတာပဲ၊ စိုးရိမ်စရာ တွေ့နေတာမျိုးတော့ မဟုတ်သေးပါဘူး။ နယ်စပ်ကုန်သွယ်ရေးသွားတဲ့သူအကုန်လုံးကို ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးမှာ နယ်စပ်ကုန်သွယ်ရေးသွားလို့ရတယ်။ ပြန်လာရင်လည်း ဒီဘက်မှာ သင်္ဘောကပ်ပြီဆိုတာနဲ့ သူတို့ ကုန်းဘက်၊ ကမ်းကပ်လို့ မရဘူး။ အဲ့မှာ ၁၀ ရက် ကွာရန်တင်း ဝင်ရတယ်။ အဲ့ကွာရန်တင်းဝင်နေတဲ့ အချိန်အတွင်းမှာ ကျနော်တို့က သုံးရက်တစ်ကြိမ် ခုနှစ်ရက်တစ်ကြိမ် နှာခေါင်းတို့ပတ်ယူပြီး စစ်ပါတယ်။ တွေ့လို့ရှိရင် ဆေးရုံမှာ တခါတည်း ကွာရန်တင်းထားတယ်။ အခုပိုးတွေ့တဲ့သူတွေလည်း ရောဂါလက္ခဏာပြတာတွေတော့ မရှိပါဘူး။ ကျန်းမာရေးလည်း ကောင်းပါတယ်" လို့ ပြောပါတယ်။
တစ်ဖက်နိုင်ငံကနေ ပြန်လာတဲ့ ရေယာဉ်တွေကို ကမ်းကပ်ခွင့်မပြုဘဲ စစ်တွေမြို့ ရွှေမင်းဂံကုန်သွယ်ရေးစခန်းအနီးက ရေထဲမှာပဲ ၁၀ ရက် အသွားအလာကန့်သတ်ထားရှိ ထားပါတယ်။
ပိုးကူးစက်ခံရတဲ့ သင်္ဘောသားတွေဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ကုန်စည်နဲ့ ရေချိုငါးတွေ ပို့ဆောင်ကာ နိုဝင်ဘာလကုန်ပိုင်းက ပြန်ဝင်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်နေ့က စစ်ဆေးတဲ့အခါမှာ သင်္ဘောသား ၉ ဦး ပိုးတွေ့ရှိခဲ့တာပါ။
ဒေါက်တာစိုးဝင်းပိုင်က "ကျနော်တို့ဘက်မှာတော့ သေချာ ကွာရန်တင်းထားတယ်။ နယ်စပ်ကုန်သွယ်ရေးတွေလည်း ပိုးကူးစက်မှုမဖြစ်အောင် သေချာဆောင်ရွက်ထားတယ်။ လက်ရှိ အိုမီခရွန်ပိုးနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ စစ်ဆေးဖို့လည်း မလွယ်ဘူးလေ။ နေပြည်တော်မှာတော့ တပ်ဆေးရုံမှာ ပိုးဗီဇစစ်တဲ့ဟာ ရှိတယ်ပြောတယ်။ သူတို့ စိတ်ဝင်စားရင်တော့ စစ်ဖို့ လုပ်မှာပါ" လို့ ပြောပါတယ်။
လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ် မျိုးဗီဇအသစ် အိုမီခရွန် ပိုးကူးစက်မှု မြင့်မားနေတဲ့အတွက် ကိုဗစ်ပိုးကူးစက်မှုမြင့်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
နိုဝင်ဘာလကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ပြန်လည်တွေ့ရှိလာခဲ့တာပါ။
စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ စာရင်းအရ နိုဝင်ဘာ ၃၀ ရက်အထိ ရခိုင်တပြည်နယ်လုံးမှာ ကိုဗစ်ပိုးတွေ့လူနာ ၅၁၆၁ ယောက်ရှိပြီး သေဆုံးသူ စုစုပေါင်း ၄၉၈ ယောက်ရှိကာ ကုသခံနေရဆဲလူနာ အယောက် ၂၀ ရှိတယ်လို့ သိရပါတယ်။