မကွေးတိုင်းဒေသကြီး မြိုင်မြို့အထွက်က စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃ ရက်နေ့မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ကပြောပါတယ်။
ပုသိမ်-မုံရွာ လမ်းဆုံအနီးက စစ်ဆေးရေးဂိတ်မှာ ဒီကနေ့မနက် ၉ နာရီခွဲလောက် မြိုင် PDF တပ်ဖွဲ့က မိုင်း ၂ လုံးဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားဒဏ်ရာရရှိသွားပြီး မြိုင်ဆေးရုံကို သယ်သွားတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန့်က ပြောပါတယ်။
အဲဒီဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ဟာ ခရီသွားပြည်သူတွေရဲ့ ဖုန်းတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေကို စစ်ဆေးနေတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခင်ကလည်း ၃ ကြိမ်လောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဆေးရုံကိုတော့ သယ်သွားကြတယ်ဗျ။ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ အတိကျ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ မြိုင် PDF ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
မနေ့က ညနေ ၄ နာရီလောက်လောက်ကလည်း မြိုင်မြို့နယ် ဗဟင်းရဲစခန်းကို မြိုင် PDF က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၂ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကူလာတဲ့ ကား ၂ စီးကိုပါ လမ်းကနေစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ ကား တစ်စီးပျက်စီးကာ ဒဏ်ရာရသူတွေကိုတော့ ဖောကားတစ်စီးနဲ့ မြို့ထဲကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့နဲ့ ခရီးသွား ယာဥ်မောင်းတွေအနေနဲ့လည်း ကားမှန်တွေကို အောက်ချပြီးမှ မောင်းနှင်ကြဖို့ ထပ်မံ သတိပေးထားပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတာတွေကို အတိကျသိနိုင်ဖို့အတွက် DVB က မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။