မွန်ပြည်နယ်၊ သထုံမြို့လယ်ကောင် ရွှေစာရံဘုရားအနီးမှာ ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီခွဲလောက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အဆိုပါကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီကနေ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းကစပြီး သထုံမြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလှည့်ကင်းကားကို မိုင်းဆွဲတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို ထောက်တိုင်သဖွယ် ထောက်ကန်ပေးထားတဲ့ ဘယ်ပုဂ္ဂိုလ်၊ အစုအဖွဲ့မဆို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ သူတို့ ကင်းကင်းရှင်းရှင်းနေကြဖို့ သတိပေးထား ပါတယ်။
မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ သတင်းပေး ဒလန်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။