ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက ဒီဇင်ဘာ ၃ ရက် ဒီမနက် ထုတ်ပြန်ပါတယ်။
ဒီမနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ အဆိုပါ မုန်တိုင်းငယ် (Depression)ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့ရဲ့အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၂၀ ခန့်နဲ့ ပါရာဒစ်ရှ်မြို့ တောင်ဘက် ရေမိုင် ၄၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ တယ်လို့ ဆိုပါတယ်။
အဆိုပါမုန်တိုင်းငယ်(Depression)ဟာ ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၂ မိုင်နှုန်းဖြစ်ပြီး ၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ အားကောင်းလာ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဆိုင်ကလုန်းမုန်းတိုင်းဟာ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်- ဩရိဿတောင်ပိုင်းကမ်းခြေ) သို့ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်သလို လှိုင်းအမြင့် ၇ ပေမှ ၉ ပေ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လေပြင်းတိုက်ခတ်မှုတွေကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင်သတိပြကြဖို့လည်း မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။