Home
မြန်မာသတင်း
တရုတ်ဘက်ပို့မည့် ကြက်သွန်နီ တန်ချိန် ၂၇၀၀ ကျော် ပျက်စီးဆုံးရှုံးနေ
DVB
·
December 2, 2021

တရုတ်-မြန်မာနယ်စပ် မူဆယ် ဂိုဒေါင်တွေမှာ တရုတ်ဘက်တင်ပို့မယ့် ကြက်သွန်နီ တန်ချိန် ၂၇၀၀ ကျော် ပိတ်မိကာ ပျက်စီးဆုံးရှုံးနေတယ်လို့ မြန်မာကုန်သည်တွေဆီက သိရပါတယ်။

ကုန်သည် ၁ ဦးက "ကား ၁ စီးကို ၁၇ တန် ၁တန်ကို ဝယ်ဈေး ၁၈၀,၀၀၀ ရှိတယ်။ ကား ၁ စီးကို ၁၇ တန်ပါတယ်။ အဲလိုမျိုး ကားအစီး ၁၆၀ ကျော် ပျက်စီးသွားတာ။ ဂိုဒေါင်တွေမှာ ချပြီးတော့ အချိန်မီ မပို့နိုင်လို့ အပင်တွေပေါက်ပြီးတော့ ပျက်စီးသွားတာ" လို့ ပြောပါတယ်။

ကြက်သွန်နီတွေက တရုတ်ပြည်ကို ဝင်ခွင့်မရတာကြောင့် ကြက်သွန်နီတွေက ကုန်လှောင်ရုံတွေထဲမှာ တော်တော်လေးကို ပုပ်ပြီးတော့ ပျက်စီးကုန်တာလို့ ဆိုပါတယ်။

"ကြက်သွန်နီတွေက မြန်မာပြည်ကနေ တရုတ်ပြည်ကို ပို့ဖို့အတွက်။ တရုတ်ပြည်ကတော့ ဒီ ကြက်သွန်နီကို သူတို့ စားတာမဟုတ်ပါဘူး။ မြန်မာ့ကြက်သွန်နီက Organic ဖြစ်တဲ့ အတွက်ကြောင့် တရုတ်က သူ့နိုင်ငံကနေ ဖြတ်ပြီးတော့ ဗီယက်နမ်ကို ပြန်ပို့တယ်။  လော်ကိုင်း ဆိုတဲ့မြို့ကို ပို့တယ်။ အဲဒီလော်ကိုင်းကနေပြီးတော့ ဟိုချီမင်းကို ၄ နာရီလောက်ပဲ ကားမောင်းရတယ်။ အဲဒီကို ပြန်ပို့တာ။" 

ဆုံးရှုံးမှုများနေတာကြောင့် ပိတ်မိနေတဲ့ ကြက်သွန်နီတွေထဲက ကောင်းသေးတဲ့ ၅ စီးခန့် ရွေးပြီး ချင်းရွှေဟော်ကနေ တရုတ်ဘက်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် ဝင်ခွင့်မရဘဲ ကားခသာ ဆုံးရှုးခဲ့ရတယ်လို့ ကုန်သည် နောက်တဦးက  ပြောပါတယ်။

"ချင်းရွှေဟော်ကနေ တရုတ် ပြည်ထဲကို ဝင်ခွင့် မပေးပါဘူးဆိုပြီးတော့ ဖောင်ဆိပ်ကနေ ပြောလိုက်တော့ အဲဒီ ကြက်သွန်နီလည်း ပြန်လှည့်လာရတယ်။ ကားခ သက်သက်မဲ့ ကုန်သွားတယ်။ အဲဒီ ကြက်သွန်နီ‌တွေပြန်လှည့်လာရတယ်။ အဲဒီ ကြက်သွန်တွေရော ဂိုဒေါင်ထဲမှာ ရှိတဲ့ ကြက်သွန်တွေရော ခဏခဏ အလှူ ပေးနေရတယ်။ ကုန်သည်တွေ ဆုံးရှုံးတာပေါ့။" 

ဂိုဒေါင်မှာချပြီး ၁ အိတ်ချင်းရောင်းတာနဲ့၊ လှူတာလည်း ပြုလုပ်ရေတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ မြန်မာ - တရုတ် နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကျင်းစန်းကျော့နဲ့ ချင်းရွှေဟော်ဂိတ်ကို တရားဝင်စတင် ဖွင့်လှစ်ပြီးဖြစ်ပေမယ့် မြန်မာဘက်က ကုန်တွေကို အမျိုးအစား အကန့်အသတ်နဲ့သာ လက်ခံကြောင်း ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။ 

တရုတ်ဘက်က ကိုဗစ်-၁၉ အကြောင်းပြချက်နဲ့ ကျင်းစန်းကျော့ဂိတ်ကို ဇူလိုင် ၈ ရက်နေ့ကစ ပိတ်ခဲ့ပြီး ချင်း‌ရွှေဟော်ဂိတ်ကို အောက်တိုဘာ ၆ ရက်နေ့ကစ ပိတ်ခဲ့ကာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024