ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူနေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်ရွေးချယ်ရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တဲ့အတွက် လက်ရှိ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီမှာ ကိုယ်စားပြုခွင့် လျှောက်ထားမှုတွေထဲက ဆွေးနွေးရာမှာ အာဖဂန်နစ္စတန်နဲ့ မြန်မာတို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချပဲဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် အာဖဂန်နစ္စတန်မှာ တကျော့ပြန် အာဏာရခဲ့တဲ့ တာလီဘန်တွေရော၊ မြန်မာ အာဏာသိမ်းစစ်ကောင်စီပါ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုခွင့်မရ ဖြစ်သွားပါတယ်။
“ဒီ ၂ နိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်”လို့ ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီးက နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ဒီဇင်ဘာ ၁ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Credentials Committee မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာပိုင်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် ဟားမား၊ ဘူတန်၊ ချီလီ၊ နမီဘီးယား၊ ဆီရာလီယွန်းနဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ကြတာပါ။
ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို အထွေထွေညီလာခံထံ ဒီနှစ်မကုန်ခင် တင်ပြရမှာ ဖြစ်ပါတယ်။