မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လအကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁,၃၀၀ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၅၉၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၆၆၈ ယောက်ဟာ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၃ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း စာရွက်စာတမ်းဝေငှခဲ့တဲ့အတွက် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်မှ ကိုစိုင်းမွန်ဇော်ဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ကုသနေဆဲ နိုဝင်ဘာ ၃၀ ရက်နေ့မနက်ပိုင်းက ပဲခူးမြို့ရှိ စွယ်တော်အထူးကုဆေးရုံမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ ကျောင်းဆရာမ မသဲစုနိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်စောရီကို စစ်အုပ်စုက နိုဝင်ဘာ ၃၀ ရက်မနက် ၁၁ နာရီခွဲလောက်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ မသဲစုနိုင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ် နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။