Home
မြန်မာသတင်း
နိုင်ငံ့ခေါင်းဆောင်များအပေါ် နိုင်ငံရေးအရနှိပ်ကွပ်ရန် စစ်ကောင်စီက တရားစီရင်ရေးယန္တရားကို အသုံးချနေ
DVB
·
December 1, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့အမှုတွေဟာ နိုင်ငံရေးအမှုတွေသာဖြစ်ပြီး နိုင်ငံရေးအရ နှိပ်ကွပ်ဖို့အတွက် တရားစီရင်ရေးယန္တရားကို အသုံးချနေတာလို့  နိုင်ငံရေးအမှုလိုက် ရှေ့နေတွေက သုံးသပ်ပြောပါတယ်။

ပြည်သူတွေအတွက် သဘာဝဘေးအန္တရယ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့  ရဟတ်ယာဉ်တစ်စီးဝယ်ယူ ငှားရမ်းအသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တဲ့ အပေါ်သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ဒီအမှုတွေဟာ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့စဉ်ကဆိုတဲ့ အသုံးအနှုန်းနဲ့ အမှုဖွင့်တာဖြစ်တဲ့အတွက် ဒါဟာ  နိုင်ငံရေးအမှုဖြစ်ပြီး နိုင်ငံရေးအမှုအနေနဲ့သာ စစ်ဆေးသင့်တယ်လို့  ဝါရင့် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းက သုံးသပ် ပြောပါတယ်။

“အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ထဲမှာကတော့ အဲဒီမှာ ဘယ်လိုပြဋ္ဌာန်း ထားလဲဆိုတော့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့စဉ်ကဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲဒီနိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆိုတဲ့ ဥစ္စာက ကျနော်တို့ ရွေးကောက်ခံ အစိုးရအဖွဲ့တွေရဲ့ အပေါ်ရည်ညွှန်းပြီးတော့ ပြောဆိုတဲ့ ပုဒ်မ တမျိုးဖြစ်တယ်ပေါ့နော်။ အဲတော့ အဲလိုပုဒ်မမျိုးနဲ့ တရားစွဲတဲ့အခါမှာ ဒီအမှုဟာ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့စဉ်ကလို့ ပြောတဲ့အတွက် ကျနော်က နိုင်ငံရေးအမှုလို့ပဲမြင်တယ်။ အဲတော့ နိုင်ငံရေးအမှုကို နိုင်ငံရေးအမှုကဲ့သို့ပဲ ကျနော်တို့က စစ်ဆေးဖို့ လိုအပ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာမျိုးတွေက အဂတိ လိုက်စားမှုဆိုတာက တာဝန်ထမ်းဆောင်နေဆဲမှာ ဖြစ်ပေါ်လို့ တရားစွဲတာမဟုတ်ဘူး။ အာဏာသိမ်းခံရပြီးတဲ့ နောက်ပိုင်းကျမှ အမှုကို တည်ဆောက်ပြီးတော့ စွဲဆိုတဲ့ အမှုတွေ ဖြစ်တယ်။ အဲဒီဟာက အဓိက အမှုရဲ့ အားနည်းချက်တခုလို့ ကျနော် ရှေ့နေအနေနဲ့ မြင်တယ်ပေါ့နော်။ သူတို့ရဲ့ တည်ဆောက်ပုံက ဘယ်လို အမှုကို တည်ဆောက်တာလဲဆိုတာ အမှုရုံးမတင်သေးတဲ့အတွက် ကျနော်တို့ က ပြောရခက်တယ်။ သို့ပေမယ့် ဒီဟာ နိုင်ငံရေးအမှုလို့ပဲ ကျနော်က အဲလို သုံးသပ်ပြီးတော့ မြင်တယ်။ ”

ရန်ကုန်မှာ LAW FIRM ဖွင့်ထားတဲ့ အထက်တန်းရှေ့နေ ဒေါက်တာဦးဖိုးဖြူကလည်း နိုင်ငံ့ခေါင်းဆောင်တွေကို စွဲဆိုထားတဲ့အမှုတွေဟာ တရားမမျှတသလို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ညီညွတ်ခြင်းမရှိဘူးလို့ သုံးသပ် ပြောပါတယ်။ 

“ကျနော်ကတော့ နှစ်ပိုင်းမြင်ပါတယ်။ ၁ အချက်ကတော့ ဒီတရားစွဲဆိုထားမှုတွေအားလုံးဟာ တရားမျှတမှုမရှိပါဘူး။ ဒုတိယ တပိုင်းကကျတော့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်ခြင်းမရှိပါဘူးခင်ဗျာ။ ဒိအတွက်ကြောင့်မို့လို့ တရားဥပဒေကို ချိုးဖောက်တဲ့ တရားစွဲဆိုမှု ပုံသဏ္ဌာန်တွေဟာ တရားမျှတမှုကိုလည်း ရရှိစေမှာမဟုတ်သလို အများပြည်သူရဲ့ ကြည်ညိုလေးစားလက်ခံခြင်းကိုလည်း ရရှိစေမှာမဟုတ်ဘူးလို့ မြင်ပါတယ်။ ဒီလိုတရားစွဲဆိုလိုက်ခြင်းကြောင့်မို့လို့ ပြည်သူတွေဟာ ပိုပြီးတော့ တရားစွဲဆိုတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေပေါ်မှာ အကြည်ညိုပျက်သွားမယ်။ မေတ္တာပျက်သွားမယ်။ ပြည်သူနဲ့ ပိုမိုဝေးကွာသွားစေမယ့် အခြေအနေကို ရောက်ရှိသွားစေလိမ့်မယ်လို့ ကျနော် ဒီလိုမြင်ပါတယ်။”

မကြသေးခင်ကလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကရင်ပြည်နယ် စည်ပင်ဝန်ကြီးဦးသန်းနိုင်တို့ကိုလည်း စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ တရားစွဲပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။

ကရင်ပြည်နယ်က ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှု ၅ မှုနဲ့ အလုပ်နှင့်ထောင်ဒဏ် ၇၅ နှစ် အပြင် ပုဒ်မ ၅၀၅ (ခ) နဲ့ နှစ် စုပေါင်းထောင်ဒဏ် ၇၇ နှစ်ချခဲ့သလို  စည်ပင် ဝန်ကြီးဦးသန်းနိုင်ကိုလည်း အဂတိလိုက်စားမှု ၆ အမှုနဲ့ ထောင်ဒဏ် နှစ် ၉၀ အမိန့်ချမှတ်ပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ၂ နှစ်၊ စုစုပေါင်း ၉၂ နှစ်နဲ့ အသီးသီးချမှတ်ခဲ့တာပါ။

ဒါဟာ နိုင်ငံရေးအမှုဖြစ်တဲ့အတွက် မူပိုင်းဆိုင်ရာနဲ့ သက်ဆိုင်ပြီး ပြစ်ဒဏ်ကို အပြည့်ချမှတ်မယ့် မူရှိတယ်လို့ တွက်ဆကြောင်းလည်း ဒီအမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ  ဦးအောင်သိန်းက ပြောပါတယ်။

“အဲတော့ နိုင်ငံရေးအမှုဖြစ်တဲ့အတွက်ကြောင့် မူပိုင်းဆိုင်ရာနဲ့ဆိုင်တယ်။ မူလရုံးတွေကော၊ အပေါ်ရုံးတွေကကော ပြစ်ဒဏ်ကို အပြည့်ချမှာပဲ။ လွတ်ကင်းတယ်ဆိုတာတော့ မရှိဘူး။ လွှတ်တယ်ဆိုတာလည်း မရှိဘူးပေါ့နော်။ ပြစ်ဒဏ်ကို အပြည့်ချမယ်ဆိုတဲ့ မူဘောင်တော့ ရှိနေတယ်ဆိုတာ ကျနော်တို့ တွက်ဆလို့ရတယ်။  ”

ဒီလိုနိုင်ငံ့ခေါင်းဆောင်တွေကို အမြင့်ဆုံးပြစ်ဒဏ်တွေကိုပဲ ချမှတ်တာဟာ တရားတဲ့နည်းလမ်းရှာတာမဟုတ်ဘဲ နိုင်ငံရေးအရ နှိပ်ကွက်ဖို့အတွက်သာ လုပ်ဆောင်နေတာလို့လည်း  ရှေ့နေဒေါက်တာဦးဖိုးဖြူက ပြောပါတယ်။ 

“အခုမှတ်တာတွေအားလုံးဟာ အမြင့်ဆုံးပြစ်ဒဏ်တွေကိုပဲ ချမှတ်ပေးနေတာကိုတွေ့ရတယ်။ ဒါဟာ တရားဥပဒေကြောင်းအရ တရားမျှတမှုကို ရှာဖွေတဲ့နည်းလမ်းမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ နှိပ်ကွပ်ဖို့အတွက် တရားစီရင်ရေးယန္တရားကို ကျင့်သုံးရာရောက်နေတယ်လို့ ကျနော် တရားဥပဒေ ရှု့ထောင့်အရ မြင်မိပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှု ၁၁ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး အခု ရဟတ်ယာဉ်ကိစ္စ အဂတိမှု တမှုထပ်တိုးလိုက်သလို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ ထပ်တရားစွဲထားတဲ့အတွက် ရင်ဆိုင်ရမယ့်အမှု ပိုများလာမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့သုံးဦးတွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို  မနေ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အမှုအတွက်လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကို မီဒီယာတွေနဲ့ မပြောဖို့ စစ်ကောင်စီက ပိတ်ပင်တားမြစ်ထားတဲ့အတွက် ခေါင်းဆောင်တွေရဲ့ အမှုအသွားအလာအခြေအနေကို အသေးစိတ် မသိရှိရဘဲ ဖြစ်နေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024