ညောင်တုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းထားပြီး စစ်ကောင်စီထောက်တိုင်တွေ၊ ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ ၁ ရက် ဒီကနေ့ တရားဝင်ကြေညာပါတယ်။
တပ်ဖွဲ့ကို ဧပြီ ၁ ရက်ကတည်းက စတင်ဖွဲ့စည်းခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အသိပေးကြေညာတာမရှိခဲ့ပေမဲ့ စစ်ကောင်စီထောက်တိုင်တွေ၊ ဒလန်တွေနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ သတိပေးဖောက်ခွဲတာ ၁၃ ကြိမ်လုပ်ခဲ့ပြီလို့ ဆိုပါတယ်။
“မြို့တော်ခန်းမရှေ့၊ ၂၃ လမ်း ကမ်းနားက ကြံ့ခိုင်ရေးအမတ်နေအိမ်ရှေ့၊ တူချောင်း မိုင်တဲတာဝါ၊ အုန်းပင်စု မိုင်တဲတာဝါ၊ ဧရာဝတီတံတားအဆင်းနဲ့ တခြားနေရာတွေမှာ သတိပေး ဖောက်ခွဲခဲ့ပါတယ်။ ဒလန်နဲ့ စစ်ကောင်စီထောက်တိုင်တွေကို ရှင်းလင်းတာတော့ မရှိသေးဘူး။ သတိပေးမယ်။ ဆက်လုပ်နေရင် ရှင်းလင်းမယ်” လို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ညောင်တုန်းပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံ စတဲ့နေရာတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
စစ်အုပ်စု ဒလန်တွေ၊ အုပ်ချုပ်ရေးမှူး သတင်းပေးတွေအနေနဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး ပြည်သူတွေဘက်က ရပ်တည်ဖို့ သူတို့က အသိပေးကြေညာပါတယ်။