Live
Home
မြန်မာသတင်း
စစ်ကိုင်းနှင့်မကွေးတိုင်းတွင် တိုက်ပွဲနှင့်မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံး
DVB
·
December 1, 2021

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၃၀ ဝန်းကျင် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဖက်ခတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ နိုဝင်ဘာ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပကဖ အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက် အင်အား ၁၀၀ ကျော်နဲ့ ကျောက်ခဲတတ်ကျေးရွာကနေ ဖက်ခတ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ၁၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မော်တော် ၄ စီးနဲ့ မိုးကာအစိမ်းအုပ်ပြီး ပန်းဆက်ကျေးရွာကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြစ်ရိုးအောက်ဒေသ (ပကဖ) အဖွဲ့ဝင်တွေတော့ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးကျေးရွာနဲ့ ချောင်းဝကြီးရွာကြားမှာလည်း နိုဝင်ဘာ ၃၀ ရက်နေ့  မွန်းလွဲ ၂ နာရီခွဲအချိန်က စစ်ကောင်စီ ခြေလျင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကနီမြို့နယ်ပြည်သူကာကွယ်ရေး ကျောက်လုံးကြီး PDF အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“သူတို့လာတဲ့လမ်းကို မိုင်းထောင်တိုက်ခိုက်ခဲ့တာဗျ။ စစ်ကောင်စီ ရှေ့ပြေးတပ်ဘက်က သုံးဦးနေရာတင် သေသွားတယ်ဗျ။ သူတို့ပါလာတဲ့ လက်နက်ယူမယ်လုပ်နေတုန်း စစ်ကောင်စီတပ်ရဲ့ နောက်ချန်တပ်ရောက်လာလို့ မရောက်နိုင်ဘဲ ထွက်ပြေးခဲ့ရတယ်။”

မိုင်ဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ နတ်ကြီးကျေးရွာမှာ တပ်စွဲထားတာကြောင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာ ၆ ရက်ရှိပြီဖြစ်ပြီး ကျေးရွာအတွင်း မဝင်ရဲတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေ အစာရေစာပြတ်လပ်သေဆုံးမှာကို စိုးရိမ်နေကြတယ်လို့ ‌နတ်ကြီးဒေသခံတဦးက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀၀ နီးပါးပါဝင်တဲ့ စစ်ကြောင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်တောင်ဘက် သက္ကယ်ကျင်း၊ ကိုင်းမ၊ တဇူး၊ လယ်ယာ စတဲ့ ကျေးရွာတွေဆီ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ချီတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို သက္ကယ်ကျင်းကျေးရွာအနီးက ယောချောင်းအတွင်းမှာ ၁ ကြိမ်နဲ့ လက်ပံချောင်းချောက်အနီးမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပေါက်မြို့နယ်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024