အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီရဲ့ ၊ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို စစ်ကောင်စီတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံ မွန်ပြည်နယ်လွှတ်တော်အမတ် ဒေါ်မာမာခိုင်ကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သထုံ(ဇင်မသွယ်)အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ အမိန်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို စစ်ကောင်စီကဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ လှုံဆော်တာ၊ စစ်အာဏာရှင် ဆန္ဒပြပွဲ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်တွေနဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီးနောက် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ NLD အမတ် ဒေါ်မာမာခိုင်ကို ဖမ်းဆီးပြီး ၉ လကျော်အကြာမှ အလုပ်နဲ့ ထောင်ဒဏ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး အယူခံဝင်သွားဖို့ မရှိဘူးလို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံ အန်အယ်လ်ဒီပါတီ အလုပ်မှုဆောင်အဖွဲ့ ဦးဉာဏ်ထွန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ နှစ်ဦးစလုံးကို အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးထားတာ ဖြစ်ပါတယ်။