မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မနက်ပိုင်းက ဒေသခံရွာသား ၆ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ် ဇီးဖြူပင်ရွာမှာ ဒီကနေ့မနက် ၃ နာရီခွဲလောက်က စစ်ကောင်စီတပ် အင်အား ၂၀ ကျော်လောက်ဟာ ဖောကားတစ်စီးနဲ့ ရွာထဲကို ဝင်လာပြီးတော့ ရွာသားတွေကို ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ ကိုဆန်းလင်းဦး၊ ကိုဖိုးသက်၊ ကိုနိုင်လင်းအောင်၊ ကိုဇေယျာဌေး၊ ဦးမောင်နိုင်နဲ့ မခင်မာဌေး တို့ ၆ ယောက်ဖြစ်ပြီး သူတို့ကို နောက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ခိုင်းပြီး ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ထဲမှာ ကိုဆန်းလင်းဦးဟာ ပခုက္ကူတက္ကသိုလ် ကျောင်းသားဖြစ်ပြီးတော့ တစ်ယောက်က ဆယ်တန်းအောင်ပြီးသားဖြစ်ကာ နောက်တစ်ယောက်ကတော့ ဆယ်တန်းကျောင်းသား တအိမ်တည်းနေ ညီအစ်ကို သုံးယောက်အဖမ်းခံရတာလို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ဦးမောင်နိုင်ကတော့ ရွာမှာ အိမ်ထောင်စုတစ်စုကို ဆန် ၃ ပြည်စီ ဝေငှလှူဒါန်းပေးခဲ့သူ ဖြစ်ပြီး စစ်ကောင်စီရဲ့ ပျူစောထီး ဒလန်တွေက PDF နဲ့ ဆက်စပ်တယ်ဆိုပြီး မဟုတ်မမှန် သတင်းပေးတာကြောင့် အဖမ်းခံရတာလို့ဆိုပါတယ်။
လွတ်မြောက်လာတဲ့ ဒေသခံ တဦးက “ ကျနော်က မနက်ပိုင်းမှာ ကားသံကြားလို့ အိမ်ပေါက်ကနေ ချောင်းကြည့်တဲ့အချိန်မှာ ဖောကားပေါ်ကနေ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ရော ယူနီဖောင်းတွေနဲ့ပါ သေနတ်တွေကိုင်ပြီး ဆင်းလာတာမြင်ရတော့ ထွက်ပြေးလို့ လွတ်မြောက်ခဲ့တယ်” လို့ ပြောပါတယ်။
ဒါအပြင် နေအိမ်တွေက ပစ္စည်းတွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားတဲ့ အပြင် ရွှေဆွဲ ကြိုးတစ်ကုန်းကိုတော့ ပြန်ပေးခဲ့ပေမဲ့ ရွှေကလစ်တစ်ခုနဲ့ ပစ္စည်းတချို့ကိုတော့ ရဲနဲ့စစ်တပ်က အဓမ္မယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်အသေးစိတ်ကို သိရှိနိုင်ဖို့ အတွက် ဒီဗွီဘီက မြိုင်မြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။