ငွေတိုက်စာချုပ်ရောင်းချတဲ့ လုပ်ငန်းစဉ်ကို နိုဝင်ဘာ ၂၉ ရက်ကစပြီး ခေတ္တရပ်နားထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့မနက် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အချိန်တိုအတွင်း ငွေတိုက်စာချုပ်ဝယ်ယူတဲ့ ပမာဏ များပြားလွန်းတဲ့အတွက် သက်ဆိုင်ရာ ဘဏ်တွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်လာကြောင်း၊ ငွေတိုက်စာချုပ် ရောင်းချတဲ့ လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၆ ရက်မှာ ပြည်လည်ရောင်းချပေးသွားမယ်လို့ လည်း ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထူးငွေတိုက်စာချုပ်တွေကို စတင်ရောင်းချခဲ့တာ တစ်ပတ်တိတိရှိပြီဖြစ်ပြီး အခက်အခဲတွေ စိန်ခေါ်မှုများကြားမှ တော်လှန်ရေးအောင်စိတ်၊ ပြင်းပြတဲ့ဆန္ဒ၊ ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့ အားထုတ်ဝယ်ယူကြတဲ့အတွက် လေးစားစွာ ဦးညွှတ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တွေကို အချိန်မီထုတ်ဝေပြီး ပြန်လည်ပေးပို့သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း Order ID ရယူထားပြီးသူများအနေနဲ့ သက်ဆိုင်ရာဘဏ်စာရင်းသို့ ငွေလွှဲသည့်လုပ်ငန်းစဉ်ကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်တယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ စတင်ရောင်းချပြီး ၂ နာရီအတွင်းမှာတင် အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။