Home
ဆောင်းပါး
စစ်အာဏာလုပြီး ၁၀ လအကြာ ယမ်းနံ့လွှမ်းနေတဲ့ မြန်မာပြည်
DVB
·
November 29, 2021

စစ်အာဏာအလုခံရပြီး ၁၀ လအကြာ မြန်မာ့အရေးကို ကြည့်ရင် “တနိုင်ငံလုံး ယမ်းနံ့လွှမ်းတဲ့ မြန်မာပြည်”လို့ ခေါင်းစဉ်တပ်ရမလို ဖြစ်လာခဲ့တယ်။ ပွင့်လင်းရာသီ ရောက်တာနဲ့အတူ တနိုင်ငံလုံး စစ်မြေပြင်တခု ဖြစ်လာတယ်။ စစ်အုပ်စုအဖို့တော့ ပြည်သူကို ဆန့်ကျင်ပြီး စစ်ပွဲကို စိန်ခေါ်တိုက်နေရသလိုပါပဲ။ ရန်သူအသစ်တွေရဲ့ မထင်မှတ်တဲ့ စစ်နည်းပရိယာယ်အသစ်တွေနဲ့ ရင်ဆိုင်လိုက်ရတယ်။ ရရှိတဲ့ သတင်းအချက်အလက်အရဆိုရင် စစ်အုပ်စုရဲ့ လက်ကိုင်တုတ် ‘နစက’တပ်တွေဟာ ရှုံးပြီးရင်းရှုံးနိမ့်နေတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတော့တယ်။ 

၁၀ လတာအတွင်း ပြည်တွင်းဖြစ်ရပ်တချို့ကို ကြည့်ရင် အမျိုးသားစာပေဆုပေးပွဲမှာ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ဆုရတဲ့ ပြဿနာ၊ ကျောင်းပြန်ဖွင့်ခြင်းနဲ့ စာသင်ချိန်ကာလနဲ့ပတ်သက်တဲ့ အငြင်းပွား ဆန့်ကျင်မှုတွေလည်း ရှိခဲ့တယ်။ သုံးလမှာ အတန်းတတန်း တက်ရတဲ့ ပညာရေးကာလက မြန်မာ့ပညာရေးညွှန်းတမ်းတခု ဖြစ်လာတယ်။ ဒါ့အပြင် အဆင့်မြင့်ပညာရေးအတွက် ဘွဲ့မရသူကို နည်းပြသင်တန်းပေးပြီး တက္ကသိုလ်နည်းပြအဖြစ် ခန့်အပ်လိုက်တဲ့ ခေတ်မီ မြန်မာ့ပညာစနစ်သစ်ကလည်း ကမ္ဘာ့တက္ကသိုလ်ကြီးများကြားမှာ အံ့အားသင့်စေခဲ့တယ်။ အာဏာလု စစ်တပ်ကို ဆန့်ကျင်ရာမှာ လူထုညီညွတ်မှုကိုတော့ ‘မြန်မာပလာဇာ’ ဖြစ်ရပ်က သက်သေခံနေတယ်။ 

နိုင်ငံတကာဆက်ဆံရေးကို ကြည့်ရင် နိုင်ငံရပ်ခြားဧည့်သည်အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ဘီလ်ရစ်ချတ်ဆန် ရောက်လာတာ ၊ သူနဲ့အတူ ထောင် ၁၁ နှစ် အချခံထားရတဲ့ အမေရိကန်သတင်းထောက်ကို သုံးရက်အကြာမှာ လွှတ်ပေးလိုက်တာတို့ကလည်း  ၁၀ လအကြာ မြန်မာနိုင်ငံရဲ့ သတင်းထူးအဖြစ် ကမ္ဘာ့မီဒီယာတွေမှာ နေရာယူခဲ့ပြန်တယ်။ ဒီလိုမျိုးဖြစ်ရပ်က တရုပ်အကျဉ်းသားတွေကို တသက်တကျွန်းပြစ်ဒဏ်ချပြီး ၈ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ဖူးတဲ့ သာဓကလည်း ရှိပါတယ်။ 

တရုတ်အာဆီယံတာဝန်ခံ စွန်းကော့ရှန်း ရောက်ရှိပုံ၊ တပြိုင်တည်း ဂျပန်က ဆာဆာကာဝါနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိတ်တဆိတ် ရောက်လာတာတွေလည်း တွေ့ရတယ်။ စွန်းကော့ရှန်း တော့ ဒီတကြိမ်နဲ့ပါဆိုရင် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်မြောက် ရောက်ရှိလို့လာခဲ့တာ။ ဒါကလည်း တရုတ်သမ္မတက ကမကထလုပ်ကျင်းပမယ့် အာဆီယံ-တရုတ် ထိပ်သီးညီလာခံအတွက် ညှိနှိုင်းဖို့ လာခဲ့တာ။ နစကရဲ့ ခေါင်းမာဂိုဏ်းသားတွေနဲ့ အလုပ်ဖြစ်ဟန် မရှိခဲ့ဘူး။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း တရုတ် ကြားခံညှိပေးတာတောင် ဗိုလ်မင်းအောင်လှိုင်တို့အဖွဲ့ကို လက်မခံတာကြောင့် တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ခွင့်ငြင်းဆန်တဲ့အတွက် ဗိုလ်မင်းအောင်လှိုင်တို့ တက်ခွင့်မရခဲ့ပါဘူး။ ပိုဆိုးတာက သူ့ကို ထောက်ခံမယ်လို့ နစကအဖွဲ့က ယူဆထားတဲ့ ကမ္ဘောဒီးယားကလည်း ASEM(Asia-Europe Meeting) အာရှ- ဥရောပထိပ်သီး ဆွေးနွေးပွဲမှာလည်း တက်ခွင့်ကို ငြင်းပယ်ခံလိုက်ရပြန်တယ်။  

ဂျပန်နိုင်ငံက ဧည့်သည်တော် ဆာဆာကာဝါကို အစိုးရကိုယ်စားလှယ် မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြောတာပေါ့လေ။ သူကတော့ ‘အေအေ’ ခေါ် ရက္ခိုင့်တပ်တော်နဲ့ အပစ်အခတ်ရပ်စဲရေးအတွက် လာခဲ့ဟန်ပဲ။ ခရီးသွားဟန်လွဲ ပါတီတချို့နဲ့ တွေ့ဆုံပြီး နစကအတွက် သတင်းထောက်ပေးလေသလား။ နစကအတွက် စကားတောက်ကြည့်တာလည်း ဖြစ်မှာပါ။ 

ရုရှားစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တချို့ ရောက်ရှိလာတာကလည်း စစ်လက်နက်ဈေးကွက် ဖွင့်တာလို့လည်း ဆိုကြတယ်။ နိုင်ငံရေးပထဝီဝင်အတွက်လည်း ပါမှာပါ။ ရုရှားက အရှေ့တောင်အာရှ လွှမ်းမိုးရေး ဆန္ဒရှိနေဟန်ပဲ။  

တိတ်တဆိတ်ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စလာတာလို့ ပြောပေမဲ့  တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲ အတွက် ညှိနှိုင်းဖို့ လာခဲ့ဟန်ပါပဲ။ ဒါပေမဲ့ နစကရဲ့ ခေါင်းမာမှုကို ထိုင်းနိုင်ငံလည်း လက်မြှောက်လိုက်ရဟန်ရှိရဲ့။ အာဆီယံနဲ့ မြန်မာတပ်မတော်တို့ အဆင်မပြေ ဖြစ်နေဆဲပါ။ 

ပြင်သစ်နိုင်ငံကိုတော့ ‘နာမည်ပျက်စာရင်း’သွင်းပြီး နိုင်ငံက နှင်ထုတ်တော့မယောင်ယောင် ‘နစက’ သတင်းမှာ ဖော်ပြထားလေရဲ့။ ခေတ်သစ်နရသီဟပတေ့လုပ်မျိုးပေါ့။ G7 နဲ့အိမ်နီးချင်း ဖြစ်တဲ့ အိန္ဒိယနိုင်ငံကလည်း သူ့နိုင်ငံရဲ Republic Day ကို မဖိတ်ဘူးလို့ ပြောထားပြန်ပါတယ်။  

ဧည့်သည်တွေ့ဆုံမှုမှာ ထူးခြားတာကတော့ ပုဂ္ဂလိကခရီးစဉ်အဖြစ်လာတဲ့အမေရိကန် ရစ်ချတ်ဆန်ကို တွေ့ဆုံရာမှာ အဆင့်မြင့် သံတမန်တွေ့ဆုံမှုအဖြစ် နိုင်ငံတော်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံပြီး ကျန်ဧည့်သည်တွေကိုတော့ သာမန်ခန်းမတခုမှာ ဝတ်ကျေတန်းကျေ တွေ့ဆုံခဲ့တယ်။ 

လေ့လာသုံးသပ်သူတွေကတော့ တရုတ်ဟာ ‘အပွဲပွဲ နွှဲခဲ့သမျှ နစကရဲ့ နှပ်ပစ်ခံလိုက်ရတယ်’ လို့ ဆိုကြတယ်။ ဒါဟာ ‘နစက’အနေနဲ့ တရုတ်ဩဇာကို ငြင်းဆန်လိုက်တာလားလို့ တွေးထင်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးကတော့ ‘နစက’ကို သံတမန်နည်းလမ်းအရ အစွမ်းကုန် ချဉ်းကပ်ပြီးသွားပြီလို့ပဲ ဆိုကြရမှာပါ။

တရားရေးဆိုင်ရာ ကိစ္စရပ်တွေမှာတော့ မတရားအစွပ်စွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိဆိုင်ရာပုဒ်မနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော် ဒေါ်ခင်မိမိကြွယ် တယောက် တတိယမြောက်ရုံးချိန်းမှာ တရားလိုပြသက်သေ(ဖော်ကောင်)အဖြစ် ရောက်ရှိထွက်ဆိုချက်တွေက စာမျက်နှာတွေမှာ လွှမ်းမိုးခဲ့တယ်။

ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင် ၇၇ နှစ်၊ ကရင်ပြည်နယ်ဝန်ကြီးကို အနှစ် ၉၀အထိ သက်တမ်းလွန် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာကလည်း လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေပေါ်မှာ နေရာယူထားတယ်။

စစ်တပ်ရဲ့ တရားမဲ့ပြုကျင့်မှုတွေကတော့ နိုင်ငံနဲ့အဝန်းလို့ ဆိုရမှာပါ။ မတရားပြန်ပေးအဆွဲခံရပြီး သားမမိရင် အဖေ၊ အမေ၊ အိမ်ရှိလူ ဖမ်းတာတွေကိုလည်း အပ်ကြောင်းထပ်နေလို့ မပြောတော့ဘူး။ ပျူစောထီး ဆိုသူတွေနဲ့ စစ်သားတွေပေါင်းပြီး မြို့တွေ ရွာတွေ မီးတင်ရှို့တာတွေ။ နတ်မောက်ဈေးသာမက တခြားဈေးတချို့လည်း မီးလောင်တဲ့ အကြောင်းကလည်း ဖန်တရာတေနေတဲ့ ဖြစ်ရပ်ဆိုးတွေ။ ချင်းပြည်နယ် ထန်တလန်မြို့ကတော့ ၃ လအတွင်း ၁၀ ကြိမ် မီးလောင်တိုက်အသွင်းခံရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်က ဆယ်ကျော်သက်အရွယ် မောင်ဘုန်းမြင့်အောင်လို မတရားအဖမ်းခံရပြီး တရားခံမမိတိုင်း နှိပ်စက်ညှဉ်းပန်းပြီး အသတ်ခံရသူတွေကလည်း မနည်းလှဘူး။ RFA ရဲ့ ကောက်ယူထားတဲ့ စာရင်းအရဆိုရင် စစ်တပ်က အာဏာလုယူတဲ့ ၁၀ လအတွင်းမှာ အယောက် ၈၀, ကျော်ရှိပြီလို့ ဆိုပါတယ်။ စာရင်းမရရှိသေးတဲ့ လူတွေကလည်း အများအပြား ရှိနေသေးတယ်။ ဒါတောင် ဒီပဲယင်းဒေသမှာ ပစ်သတ်ခံရတဲ့ စာရင်း မပါသေးဘူး။ မြေပြင်စာရင်းမှာ ဒီထက်များဖို့ပဲ ရှိတယ်။  

သတင်းတရပ်အရဆိုရင် စစ်တပ်က အာဏာလုယူပြီး ၁၀ လအတွင်းမှာ ခရစ်ယာန်ဘုရားကျောင်း ပေါင်း ၃၉ အထိ စစ်တပ်ရဲ့ ဖျက်ဆီးခြင်းခံရတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးအနေနဲ့ စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၁ ခု၊ မြို့နယ် ၃၇ မြို့နယ်၊ ကျေးရွာပေါင်း ၁၇၀၀ ရှိရာမှာ ၆၀ ရာခိုင်နှုန်း လောက်ဟာ ပီဒီအက်ဖ်’တွေရဲ့ အုပ်ချုပ်မှု၊ လွှမ်းမိုးမှုရှိနေတာ တွေ့ရတယ်။ ဒီလထဲမှာ NUG ရဲ့ ‘လုပ်ကြံသတ်ဖြတ်မှုစာရင်း’ဆိုပြီး စစ်လော်ဘီ ငြိမ်းချမ်းရေးပွဲစားတွေရဲ့ လုပ်ကြံသတင်းကလည်း မီဒီယာတွေမှာ ဖော်ပြတာတွေလည်း တွေ့ရတယ်။ တပြိုင်တည်း အာဏလုစစ်အုပ်စုကို ဆန့်ကျင်တဲ့ NLD, PDF နဲ့ ဆန္ဒပြသူတွေရဲ့ နေအိမ်တချို့ကို စစ်တပ်က ချိပ်ပိတ်သိမ်းယူတာတွေလည်း ရှိလာတယ်။

မြန်မာမြေပြင်မှာတော့ PDF ‘ပြည်သူ့ကာကွယ်ရေးအဖွဲ့’တွေနဲ့ စစ်အုပ်စုရဲ့ တိုက်ပွဲဟာ ပိုပြင်းထန်လာတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ဇော်မင်းထွန်းက “နည်းဗျူဟာအရ အထိအခိုက် ဆုံးရှုံးမှုတွေရှိပေမဲ့ မဟာဗျူဟာအရ အသာစီးရနေပါတယ်” လို့ ထုတ်ဖော်ပြောတာကို ဆန်းစစ်ကြည့်ရင် လူငယ်တွေကို လက်နက်ကိုင်လမ်းကြောင်းပေါ်ကို စစ်အုပ်စုကပဲ တွန်းပို့လိုက်တာ ပေါ်လွင်လာတယ်။ အဲဒါဟာ ဗိုလ်ဇော်မင်းထွန်း ဖွင့်ဟဝန်ခံတဲ့ သူတို့ရဲ့ မဟာဗျူဟာပဲ ဖြစ်တယ်။ စစ်အုပ်စုက လက်နက်ကိုင်တိုက်ပွဲတွေဆိုရင် သူတို့အသာစီးရမယ်လို့ ယုံကြည်ခဲ့တယ်။ သူတို့မဟာဗျူက လူငယ်တွေ လက်နက်ကိုင်လာရင် သူတို့အနိုင်ရပြီလို့ အပိုင်တွက်ခဲ့ကြတယ်။ 

သိသာထင်ရှားတဲ့ တိုက်ပွဲရဲ့ အရှိန်မြင့်လာခြင်းရဲ့ အစဟာ ကျောက်မြောင်းလမ်းဆုံနဲ့ ‘ပင်လယ်ဘူး’ တံတားမှာ PDF တွေရဲ့ မိုင်းခွဲတိုက်ခိုက်တာက စခဲ့တာလို့ ဆိုနိုင်တယ်။ အဲဒီပွဲကစပြီး PDF တွေရဲ့ ခုခံကာကွယ်စစ် အရှိန်မြင့်လာခဲ့တာ။ တစတစနဲ့ စစ်မြေပြင်ဟာ ကျယ်လာခဲ့တယ်။ ရွှေဘိုလွင်ပြင်၊ မုံရွာလွင်ပြင်၊ မကွေးလွင်ပြင်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ ကလေး၊ မြိုင်၊ ဂန့်ဂေါ၊ ယော၊ ဆော။ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား)ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ကိုးကန့်ဒေသ၊ အရာတော်၊ ပုံတောင်ပုံညာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ ကြပ်ပြေး၊ နေပြည်တော်မကျန် မြန်မာနိုင်ငံအနှံ့ စစ်မြေပြင်ဖြစ်လာခဲ့တယ်။ 

ကချင် KIA နဲ့ တိုက်ပွဲတွေကတော့ ဇူလိုင်၊ ဩဂုတ်လတွေကတည်းက ကြမ်းလာတာ စစ်တပ် အင်အားစု အကျအဆုံး များစွာထိခိုက်ခဲ့တယ်။ ဇူလိုင်လထဲမှာ ခလရ-၅၈ ကို KIA က ဝင်တိုက်တယ်။ တပ်ရင်းမှူးလည်း အရေးယူခံလိုက်ရတယ်။ ဩဂုတ်လမှာ စစ်တပ်ရဲ့ တပ်ရင်း ခမရ-၅၂၅ ကို ဝင်စီးရာမှာ တပ်ရင်းမှူးအပါအဝင် တပ်သားအတော်များများ ကျဆုံးခဲ့တယ်။ မိုးရာသီ စစ်မြေပြင်မှာ အတော်အထိနာခဲ့တယ်။ တပ်ရင်းမှူးအပါအဝင် တပ်ရင်းတရင်းလုံး ကျတာလို့ ၂၈ ဩဂုတ်လ Kachinwaves က ကြေညာခဲ့တယ်။ 

စက်တင်ဘာ ၇ ရက်နေ့ NUG က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ မြေပြန့်လွင်ပြင် တိုက်ပွဲတွေ ပြင်းထန်စပြုလာတယ်။ ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်မှာ တိုက်ပွဲတွေ ဖြစ်လာတယ်။ ကယားဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်လာတယ်။ စစ်တပ်က မြို့ရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာ၊ မီးရှို့တာ၊ လုယူခိုးဝှက်တာတွေ လုပ်လာတယ်။ ရှမ်းမြောက်မှာလည်း MNDAA နဲ့ စစ်တပ်တို့ ရက်ဆက်တိုက်ပွဲတွေ ဖြစ်လာတယ်။ ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ရွာတွေနဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။

ဂန့်ဂေါ PDF နဲ့ နစကတပ်တို့ တိုက်ပွဲမှာ စစ်တပ်က ၁၅ ယောက် ကျဆုံးသလို အပြစ်မဲ့ ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာတွေ လုပ်ခဲ့တယ်။ နေအိမ်တွေ မီးတင်ရှို့တာတွေ လုပ်ခဲ့ကြတယ်။ အောက်တိုဘာလ ပွင့်လင်းရာသီမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းဒေသတွေကို ကြည်း၊ လေ၊ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ ‘အနော်ရထာစစ်ဆင်ရေး၊ အလောင်းဘုရားစစ်ဆင်ရေး၊ အသင်္ခယာစစ်ဆင်ရေး’ စသဖြင့် အမည်ပေးခဲ့ပေမယ့် စစ်ဆင်ရေးအားလုံးမှာ နစကဘက်က အထိနာနေတာကို တွေ့ရတယ်။

အောက်တိုဘာလကုန်ခါနီးအထိ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ နေပြည်တော်မြို့ပေါ်အထိ PDF တို့ရဲ့ ဗုံးခွဲတိုက်ခိုက်တာတွေသာမက သေနတ်နဲ့ အပြန်အလှန်ပစ်ကြတာတွေအထိ ပိုမိုကျယ်ပြန့်လာတယ်။ စစ်ကောင်စီတပ်ဟာ ကရင်နီနယ်မှာ အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းအဖြစ် စစ်ပွဲတွေမှာ အသုံးပြုခဲ့တာဟာ နိုဝင်ဘာလအထိဆိုရင် စုစုပေါင်း ၅ ကြိမ်ရှိနေပြီလို့ ဆိုပါတယ်။

နိုဝင်ဘာလဆန်းပိုင်းမှာတော့ စစ်တပ်က ထိုးစစ်ဆင်တာတွေ အစပြုလုပ်ဆောင်ခဲ့ပေမယ့် ထင်သလောက် မအောင်မြင်ဘဲ အကျဆုံးများစွာနဲ့ ရင်ဆိုင်လာရတယ်။ တချို့‘PDF’ စခန်းတွေကို နစကတပ်က ဝင်စီးတာတွေရှိပေမဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်။ တချို့ နေရာတွေမှာတော့ အငိုက်မိတာတွေ ရှိခဲ့တယ်။ ကလေး PDF တွေ  ရှေ့တန်းထွက်နေချိန်မှာ နောက်တန်းမှာ ကျန်ရစ်ခဲ့တဲ့ ဆေးတပ်သား အမျိုးသမီးတချို့ အဖမ်းခံခဲ့ရတာတွေလည်း ရှိခဲ့တယ်။ နိုဝင်ဘာ ၂၇ ရက် ညက ဒီပဲယင်းနယ်မှာ စစ်တပ်က ရဟတ်ယာဉ် ၅ စီးနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့တယ်။ စာရင်းအတိအကျ မရသေးဘူး။

နိုဝင်ဘာလမှာ ၈၈မျိုးဆက် ဦးဂျင်မီနဲ့ သူ့အဖွဲ့တချို့ အဖမ်းဆီးခံခဲ့ရတယ်လို့ စစ်အုပ်စုမီဒီယာက ကြေညာတယ်။  မကြာမီမှာပဲ လွှတ်တော်အမတ်ဟောင်း ဦးဇေယျာသော်လည်း အဖမ်းခံခဲ့ရတယ်။ ဦးဂျင်မီနဲ့ ဦးဇေယျာသော်ကိုတော့ NUG ရဲ့ အကြမ်းဖက်ခေါင်းဆောင်တွေအဖြစ် နစကအဖွဲ့က ထုတ်ပြန်ခဲ့တယ်။ တချို့ ဖော်ပြတဲ့လူတွေဟာ သူတို့အဖွဲ့နဲ့မသက်ဆိုင်ဘဲ နစကအနေနဲ့ စွပ်စွဲပြီး ဖော်ပြခြင်းသာဖြစ်တယ်လို့ တချို့သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ 

ပန်ဆိုင်းဦမုံးကိုး၊ ဖောင်းဆိုင်း ၊လောက်ကိုင်ဘက်ရှိ MNDAA ကို စစ်ကောင်စီတပ်က ဇူလိုင်လကတည်းက   စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေ၊ တပ်မတွေ အများအပြား အလုံးအရင်းနဲ့ သံချပ်ကာကားတွေ၊ လေယာဉ်တွေ၊ အမြောက်တပ်တွေ၊ လက်နက်ကြီးတပ်တွေ စုပေါင်းပြီးတိုက်ခဲ့တာ။ ထိုးစစ်ဆင်ခဲ့တာ။ နိုဝင်ဘာကုန်အထိ နယ်မြေမသိမ်းနိုင်တဲ့ အပြင်စစ်တပ်ဟာ အလုံးအရင်းနဲ့ ကျဆုံးနေပြန်တယ်။ 

ဗိုလ်ဇော်မင်းထွန်းရဲ့ နိုဝင်ဘာ ၂၆ ရက်  သတင်းစာရှင်းပွဲမှာ “ထူခြားချက်အနေနဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတိုင်းမှာ ကျည်သုံးစွဲမှု အရင်ကထက်ပိုပြီး အမြောက်အမြား အသုံးပြုနေတာကို တွေ့ရကြောင်း။ မိမိတို့ မြေပြင်သတင်းနဲ့ အခြားရင်အမြစ်တွေက ရရှိတဲ့ သတင်းအရ ဥပမာ လက်နက်ငယ်ကျည် ၂၆၀၀၀၀၊ RPG ဗုံးသီး ၅၃၀၀ ကျော်၊ ၁၀၇ မမ ဒုန်(၄၀) ပစ်ခတ်တာတွေတွေ့ရှိရကြောင်း”လို့ ပြောသွားချက်အရ အရှေ့မြောက်ဒေသမှာ ယမ်းငွေ့တွေ ဝေနေတာကို တွေ့နေရတယ်။

ဒါတွေဟာ လက်ရှိပကတိအခြေနေတွေပဲ ဖြစ်တယ်။ ဒီလိုအခြေနေမှာပဲ ပြည်သူ့ကာကွယ်ခုခံရေး တပ်သားတွေဟာ ရရှိရာ တူမီး၊ လက်လုပ်ဗုံးတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက် အနိုင်ယူနေတာကတော့ တကယ့်အံ့ဩစရာအခြေအနေပါ။ အချုပ်အားဖြင့်ပြောရရင် အာဏာလုပြီး ၁၀ လအကြာမှာ စစ်တပ်ဟာ အုပ်ချုပ်ရေးနယ်မြေအချို့ကို လက်လွှတ်လိုက်ရတဲ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ပွဲဆင်နွှဲနေရတာကြောင့် “ယမ်းနံ့လွှမ်းတဲ့ မြန်မာပြည် ဖြစ်နေဆဲပါပဲ။ 

အာဏာလုပြီး ၁၀ လအကြာ စစ်ရေးအခြေနေကတော့ ဘတပြန် ကျားတပြန် အခြေအနေမှာ ရှိနေတယ်လို့ တချို့စစ်ရေးလေ့လာသုံးသပ်သူအချို့ ပြောတာတော့ ရှိတယ်။ စစ်အင်အားတခုကို တွက်ရင် စစ်သည်အင်အားအပြင် လက်နက်ခဲယမ်းမီးကျောက်ကိုပါ ထည့်တွက်ကြရတယ်။ မထောက်မညှာ ပြောရရင် PDF မှာ လူရှိတယ်၊ လက်နက်အင်အား မလုံလောက်ဘူး။ နစကမှာ လက်နက်အင်အား ပြည့်စုံတယ်၊ လူမရှိဘူး။ PDF တွေမှာ စိတ်ဓာတ်ခွန်အား ပြည့်စုံတယ်၊ ယုံကြည်ချက်ခိုင်မာတယ်။ နစကမှာ စိတ်ဓာတ်ကျဆင်းနေတယ်၊ ယုံကြည်ချက်မရှိတော့ဘူး။ PDF တွေမှာ ပြည်သူ ရပ်တည်ထောက်ခံမှုအပြည့် ရှိတယ်။ နစကမှာ ပြည်သူထောက်ခံမှု မရှိဘူး။ 

အာဏာလုခံရပြီး ၁၀ လအကြာ တနိုင်ငံလုံးအခြေနေကို ကြည့်ရင် မြို့ပေါ်ကျေးလက်မကျန် ပြည်တွင်းဆန္ဒပြမှုတွေကလည်း တကျော့ပြန် အရှိန်မြင့်လာနေပြန်ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသက ရွာတချို့နဲ့ မြေပြန့်လွင်ပြင်တွေမှာလည်း နစကတပ်ရဲ့ မီးလောင်တိုက်သွင်းမှုကြောင့် ‘မီးခိုးငွေ့နဲ့ ယမ်းငွေ့’တို့ ရောယှက်လို့ နေပြန်ပါတယ်။ မြန်မာ့နိုင်ငံရေး ရာသီဥတုအခြေအနေကြည့်တော့လည်း “တအူအူထနေတဲ့ မီးခိုးငွေ့ယမ်းငွေ့”တို့ ဖုံးလွှမ်းရာ အောက်မှာ မှိုင်းညို့အုံ့ဆိုင်းနေဦးမှာပင် ဖြစ်ပါတော့တယ်။

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024