Home
မြန်မာသတင်း
စစ်ကိုင်းနှင့်ပဲခူးတိုင်းတို့တွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 29, 2021

စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နိုဝင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မန္တလေးကနေနေ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲကနေဖြတ်ပြီး မြစ်ကြီးနားဘက် ရိက္ခာပို့တဲ့ စစ်ကောင်စီယာဉ်တန်း ၂၀ ကို နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းမှာ မိုင်းနှစ်ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့  ထီးချိုင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပထမအကြိမ်က သခွတ်ချောင်နဲ့ ကျက်သ‌ရေချောင်းကြားအနီးမှာတစ်ကြိမ် မိုင်းဆွဲခဲတယ်။ အချိန်က ၄ နာရီ ၂၀ မိနစ်လောက်ရှိမယ်။ နောက်တစ်ကြိမ်ကတော့ ဇီးပူကျင်းနဲ့ဗိုလ်တဲကုန်းကြားမှာ ဆွဲခဲ့တယ်ဗျ။ နှစ်ကြိမ်ပေါင်း မိုင်း ၁၀ လုံး အသုံးပြုခဲ့တယ်။ စစ်‌ကောင်စီတပ်ဘက်က အထိခိုက်အကျဆုံးကတော့ မသိရသေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘက်က စစ်ကောင်စီကို လက်နက်အင်အားမယှဉ်နိုင်ဘူးလေ။ မိုင်းထောင်ပြီး သူတို့လာတာနဲ့ ကိုယ်ထောင်တဲ့ နေရာရောက်ရင် ဆွဲပြီးပြေးရတာပဲ။ ကိုယ့်ဘက်ကတော့ အကျဆုံးမရှိဘူးဗျ။ သူတို့ဘက်ကတော့ အကျဆုံးအပျက်စီးများနိုင်တယ်လို့ ခန့်မှန်းတယ်။”

ထီးချိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ယာဉ်တန်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်နေကြတာပါ။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း မန္တလေး-ရွှေဘိုကားလမ်းမကြီးပေါ်မှာလည်း စစ်ယာဉ်တန်းကို နိုဝင်ဘာ ၂၈ ရက် ည ၁၀ နာရီလောက် မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆၀ လောက် တင်လာတဲ့ Express ယာဉ်နှစ်စီး မိုင်းမိပြီး ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ အဖွဲ့က ကြေညာထားပါတယ်။

မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရွှေဘိုဘက်ကို တပ်ကူနဲ့ ရိက္ခာပို့တဲ့သဘော ရှိတယ်၊ ခရီးသည်တင်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်နေကြတာ။ ကားနှစ်စီးကို နှစ်ကြိမ် ပဒေသာမိုင်းနဲ့ဆွဲတယ်။ တော်တော်ထိသွားတယ်။ ကားကို ထိုးရပ်သွားတာပဲ” လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်တပ်ကင်းလှည့်ယာဉ်တစ်စီးကို ဝက်လက်-လှတောလမ်း မြို့အဝင်ဝမှာ တော်လှန်ရေးအဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်က ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာလလယ်ကစပြီး တန့်ဆည်၊ ဒီပဲယင်း၊ ရေဦး၊ ရွှေဘိုနယ်စပ်တွေကို အင်အားသုံးစစ်ကြောင်းထိုးနေတာဖြစ်ပြီး ရိက္ခာနဲ့လူအင်အား ပို့ဆောင်ရာမှာ မန္တလေး-ရွေဘို ကားလမ်းမကြီးက‌နေ Express ယာဉ်တွေနဲ့ အဓိကအသုံးပြုနေတာလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

လတ်တလော မန္တလေး-ရွှေဘို-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာ လမ်းပိုင်း၊ မန္တလေး-အရာတော်-မုံရွာ လမ်းပိုင်းနဲ့မန္တလေး-မြင်းမူ-မုံရွာ လမ်းပိုင်းတွေကို ည ၇ နာရီကစပြီး​ ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက အရေးပေါ် ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ရွှေအောင်ရွေးဘုရားလမ်းမှာလည်း ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးကထွက်လာတဲ့ ယာဉ် ၂ စီးပါတဲ့ယာဉ်တန်းကို နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ် ၂ ခွဲဝန်းကျင်က မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ် ၁ စီးရဲ့ နောက်ဘီးပွင့်ထွက်သွားပြီး  ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်က မိုးကာနဲ့အုပ်ပြီး ကရိန်းကားနဲ့ဆွဲကာ ပြန်လည်သယ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ''ဖြေဆိုဖို့ အထက်အမိန့်ကိုစောင့်ရမှာဖြစ်လို့ အခုမဖြေဆိုနိုင်သေးဘူး'' လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ စစ်ကောင်စီကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024