Home
ဆောင်းပါး
ဖြစ်ချင်တာက သမ္မတ၊ ဖြစ်နေတာက လူသတ်စစ်ဓားပြ
DVB
·
November 28, 2021

ဟိုတလောက အမေရိကန်နိုင်ငံက  ပြည်နယ်အုပ်ကြီးဟောင်းနဲ့ အမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် လာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဧည့်သည်တော်တွေကို သမ္မတ ထိုင်တဲ့ခုံမှာထိုင်ပြီး မြိန့်မြိန့်ကြီးနဲ့ ခန့်ခန့်ကြီး လက်ခံတွေ့ဆုံခဲ့တယ်။ ရာဇပလ္လင် နောက်ခံကြီးနဲ့ပေါ့။ ဘာတွေ ‘အောက်ကလိအာ’ ကြလဲတော့ မသိ။ ကြည့်နေရင်း ဟက်ဟက်ပက်ပက်ကြီး ပြုံးနေရမိတယ်။ အရောင်အသွေးတူတဲ့ ငှက်တွေ မိတ်ဆွေ ဖြစ်နေကြဟန်ပါပဲ။

အဲဒီလို ‘ဟက်ဟက်ပက်ပက်’ ပြုံးမိတာက ‘ဟိတောပဒေသ’ထဲက ‘မိတ်ဆွေဖွဲ့ခြင်း’ အခန်းမှာ ‘မန္တရလိပ်’နဲ့ ‘ဟိရညက’ ကြွက်မင်းတို့ မိတ်ဆွေဖွဲ့ရင်း ပြောကြတဲ့စကားကို သတိရမိလို့ပါ။ စာထဲမှာတော့ မိတ်ဆွေဖွဲ့ရာမှာ မန္တရလိပ်က ဟိရညကကြွက်မင်းကို ပြောတဲ့စကားက သိပ်ထိမိတာကိုး။ 

မန္တရလိပ်မင်းက “အဆွေတော်ကြွက်မင်း၊ ခွေးသည် ရွှေပန်းကုံးကို ဆင်ယင်ထားသော်လည်း အဘယ်နည်းဖြင့် ဂုဏ်အပေါင်းနှင့်ပြည့်စုံသော ခြင်္သေ့ဖြစ်နိုင်ပါအံ့နည်း”တဲ့။ အဲဒီလို မတန်မရာ ကိုယ့်အထွာနဲ့ ကိုယ့်တန်ဆာ မဟုတ်ဘဲ ဆင်မြန်းထားရင် မလိုက်ဖက် မတင့်တယ်ပုံ၊ ဘယ်လိုပင် ဟန်ဆောင်ထားပေမဲ့ ခွေးဟာ ခြင်္သေ့ မဖြစ်နိုင်ပုံကို မန္တရလိပ်မင်းက ပြောဆိုဆွေးနွေး သုံးသပ်ထားတာ။ 

ဟိတောပဒေသထဲက စာသားတွေကို စဉ်းစားရင်းနဲ့ တပြိုင်တည်း သတိရတာ တခုရှိသေးရဲ့။ ငယ်ငယ်က ဖတ်ခဲ့ဖူးတာလေးပေါ့။ ဂန္ထဝင်မောင်ထူး ရေးတာလို့ပဲ သိထားလိုက်နော့။ တချို့ အချက်တွေ မေ့တောင်နေပါပြီ။ သတိရနေတာ တခုကတော့ အထက်ဗမာပြည် အင်္ဂလိပ်သိမ်းပြီးစ မန္တလေး နေပြည်တော်ကြီးဟာ မြို့ပျက်ကြီး ဖြစ်နေချိန်ပေါ့။ နန်းတော်ကြီးထဲ အကဲစမ်းပြီး ဝင်ထွက်သွားလာ၊ ခိုးဝှက်နေကြသူတွေလည်း ရှိတယ်။

မန္တလေးနန်းတော်အဆောက်အုံကြီးထဲမှာလည်း အင်္ဂလိပ်တပ်သားတွေနဲ့ နွားကျောင်းသားတွေ၊ ဘိန်းစားတွေ၊ အရက်မူးသမားတွေ နားခိုရာ ဖြစ်ခဲ့ဖူးတယ်။ အုပ်ချုပ်ရေး ပျက်ပြားနေတော့ ဘယ်သူ့အမိန့် နာခံရမှန်းမသိ။ တကယ့် ဗရုတ်ဗရက် ကာလဆိုးကြီးပေကိုး။ ‘ပုလိပ်ကြောက်ရ၊ သူခိုး ဓားပြ ကြောက်ရ၊ စစ်သားကြောက်ရ’ ဆိုသလို ဖြစ်နေတဲ့ ‘ရာဇတောဝါ’ ကာလဆိုးကြီးပေပဲ။ ပညာရှိကြီးတွေ အိမ်တွင်းပုန်းနေတတ်တဲ့ ‘နိုင်ငံရေး သရောကြီးခိုင်းချိန်’ပေါ့။

အရင်ကတော့ အထဲဝင်ဖို့မပြောနဲ့၊ အနားတောင် ကပ်ဖို့မလွယ်တဲ့နေရာ။ အခုတော့ ထီးပျက် နန်းပျက် ကြငှန်းလည်း ပျက်နေချိန်ကိုး။ အင်္ဂလိပ်တွေကလည်း ကိုယ့်ထီးနန်း မဟုတ်တော့ သိပ်အလေးထားပြီး စောင့်ရှောက်ဟန် မရှိဘူး။ ဒီတော့ နန်းတော်အနီး နေထိုင်ကြတဲ့ အရပ်သားတွေက နွားကျောင်း၊ ဆိတ်ကျောင်းတာလည်း ရှိပေါ့။ တချို့ကတော့ တိတ်ဆိတ်လို့ ဝင်ရောက် အနားယူတာလည်း ရှိကြမှာပါ။ တချို့ကျတော့လည်း ‘အင်္ဂလိပ်ရဲ့ လက်ဝေခံကျွန်အဖြစ် ခိုင်းတန်ကောင်းရဲ့’ ဆိုပြီး စစ်သားတွေနား ရစ်သီရစ်သီလုပ်သူလည်း ရှိမှာပါပဲ။

တနေ့တော့ လေလွင့်နေတဲ့ နွားကျောင်းသား ဘိန်းစားတယောက်က နန်းတော်ကြီးထဲမှာ လျှောက်သွားလိုက်တာ မှန်နန်းဆောင်အတွင်းထဲ ရောက်တော့ အင်္ဂလိပ်တွေက အပြင်ကို ထုတ်ဖို့ ပြင်ထားတဲ့ နန်းဆောင်အပေါက်ဝ တနေရာမှာ ပလ္လင်ကြီးကို တွေ့သွားတယ်။ ပလ္လင်ကြီး တွေ့ချိန်မှာ သူ့စိတ်ထဲ ဖိန်းရှိန်းပြီး ပူထူသွားတယ်။ တချိန်က သူ ဘိန်းမူးရင်း ဘုရင်အဖြစ် ‘စိတ်ကူးဘိန်းမြော’ ခဲ့ဖူးတာလည်း ရှိ။ ဘိန်းမူးနေတဲ့ အရှိန်လေးကလည်း တက်လာနေပြီ။ ဘယ်က ဘယ်လို ပလ္လင်ပေါ် ရောက်သွားမှန်းတောင် မသိလိုက်ဘူး။ ‘ဘိန်းကော်လို့ ပလ္လင်ပေါ်ရောက်’ ဆိုသလိုပါပဲ။

သူ့နားထဲမှာ “ကိုယ်တော်မြတ်ကြီး နိဂုံးရွာက ဇနပုဒ်သားတွေကတော့ ထင်ရာစိုင်းလို့ သူတို့ ဇနပုဒ်သားကိုပဲ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ကာ အရှင့်ကို ဆန့်ကျင်နေကြပါတယ်။ ဒီတိုင်းနိုင်ငံမှာ အရှင့်နဲ့ အရှင့်ရဲ့စစ်သူကြီးတွေပဲ အုပ်ချုပ်သင့်တာမို့ အရှင်ကိုယ်တော်ကြီးရဲ့ တလက်ကိုင် ကျေးကျွန်စစ်သူကြီးတွေနဲ့ နိဂုံးရွာက ဇနပုဒ်သားတွေကို နှိမ်နင်းပြီး အုပ်ချုပ်တော်မူပါ ဘုရား”လို့ လျှောက်တင်သံ ကြားလိုက်သလိုလို စိတ်ထဲထင်လာတယ်။ 

ပလ္လင်ပေါ်ကနေ ကြည့်လိုက်ရင်း သူ့ကို ခစားနေတာတွေကို ရေတွက်ကြည့်လိုက်တော့ အမတ်ပေါင်း ၃၄ ယောက်ကို တွေ့လိုက်တယ်။ တကယ်တော့ ဘိန်းမြောနေရင်း ကြည့်တာမို့ နွားအကောင်ရေ ၃၄ ကောင် မြက်စားနေတာကို သူ့ကို ခစားနေတဲ့ အမတ်တွေလို့ ထင်လာတာပါ။   

အဲဒီလိုထင်ပြီး “မောင်မင်းတို့... ငါဟာ ဘာမဆို လုပ်ရဲတယ်။ ငါ့ကို မလုပ်ရဲဘူး မထင်နဲ့။ ကိုင်း… အမိန့်တော်မှတ်မယ် နာခံ ”လို့ ပြောလိုက်တဲ့အချိန် အပြင်မှာ မြက်စားနေတဲ့ နွားသိုးတကောင်က “ဝတ်ထရိန်း” လို့ တွန်လိုက်တာကို “သင့်မြတ်လှကြောင်းပါဘုရား” လို့ ကြားယောင်ပြီး ညီလာခံသိမ်းမယ် ဆိုပြီး စက်တော်ခေါ်သွားတော့သတဲ့။ 

တကယ်တော့ နွားကျောင်းသား ဘိန်းစားဟာ မောမောနဲ့ ရာဇပလ္လင်ပေါ်တက်ပြီး လဲလျောင်းရင်း အိပ်ပျော်သွားတာပါ။ ဘိန်းစားဆိုတော့ ပလ္လင်ပေါ် တက်မိတာနဲ့ ဘုရင်အဖြစ် စိတ်ကူးယဉ်မိသွားရာက ‘ဘိန်းမြောသွားရင်း သူ့ကိုယ်သူ ဘုရင်လို့ တကယ်ထင်မိသွားဟန်ပါပဲ။ နန်းရိပ်ကလည်း လေလေးတဖြူးဖြူးနဲ့ အေးမြမြအရသာ ခံစားရင်း စိတ်ကြီးဝင်သွား ထင်ပါရဲ့။ ဘိန်းမှိန်းရင်းနဲ့ ဘုရင်အဖြစ် ရောက်သွားတော့တာကိုး။ 

ဘိန်းမူးပြေတော့ အိပ်ရာကလည်း နိုးလာ၊ ဘေးဝန်းကျင်ကို လိုက်ကြည့်နေတယ်။ မတန်မရာ ပလ္လင်ပေါ်သူ တက်အိပ်တာကို ပတ်ဝန်းကျင်က သိသွားပြီး ပြစ်တင်ရှုတ်ချလေမလားပေါ့။ ဘေးဘီမှာ လူမရှိတာ သိတော့မှ ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း စိမ်ပြေနပြေ အညောင်းဆန့်ပြီး ဆင်းလာခဲ့တော့သတဲ့။ 

သကောင့်သား အိမ်လည်းရောက်၊ ဝမ်းတွေသွားပြီး အိပ်ရာထဲ လဲတော့တာပဲ။ ဘိန်းသမား ဝမ်းသွားတော့ ‘ဘိန်းချေး’ပါတယ်ပဲ ထင်ကြတာကိုး။ ရက်အတော်ကြာထိ မပျောက်တော့မှ ဆေးဆရာ ပင့်ကြရတာ။ ဒါပေမဲ့ ဝမ်းသွားက မရပ်ဘူး။ ဘိန်းချေးက ‘ကြောင်ချေး’လိုပဲ ပျော့ပျော့လေးနဲ့ အနံ့ပြင်းတာကြောင့် လူနာလာမေးသူတွေကို “ဘယ်ကပြန်လာတာလဲ” လို့ မေးတော့ လူနာကြည့်ပြီး ပြန်လာသူတိုင်းက “ကြောင်ချေးဆီက လူနာမေးပြီး ပြန်လာတာ”  လို့ အယောင်ယောင်အမှားမှား ပြောမိကြရာက ‘ကြောင်ချေး’လို့ အမည်ခေါ်တွင် အသိအမှတ်ပြု လိုက်ကြသတဲ့။ 

ရက်အတော်ကြာထိ ‘ကြောင်ချေး’ အိပ်ရာထဲလဲနေတာ ဘာရောဂါမှ ရှာမတွေ့ဘူးဖြစ်နေတော့ ဗမာဆေးဆရာကြီးက မေးမြန်းစူးစမ်းတော့မှ ပလ္လင်ပေါ်အိပ်တာကို သိပြီး “မိုက်ပါ့ကွာ မတန်မရာ ကိုယ့်နေရာ မဟုတ်တာကို ကိုယ့်အဆင့်နဲ့ မဆင်မခြင် သွားထိုင်ပေတာကိုး။ ရာဇပလ္လင်တော်ဟာ အစီအမံတွေနဲ့ လုပ်ထားတာ။ ဘုန်းမရှိ ကံမရှိသူ ထိုင်မိရင် အသက်အန္တရာယ်တောင် ကျရောက်နိုင်တယ်။ ကဲ ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ ဆရာတော်တွေကိုပါ ပင့်ပြီး တောင်းပန်ချေ” လို့ ပြောပြီး တောင်းပန်တော့မှ ချင်ချင်းဆိုသလို ရောဂါအရှင်း သက်သာသွားသတဲ့။

အဲဒီအချိန်ကစပြီး လမ်းတွေ့သူတိုင်းက သူ့ကို ကြောင်ချေးပဲ ခေါ်ကြတော့တာပေါ့။ ကြောင်ချေးကို အဲဒီအကြောင်းတွေ မေးတိုင်း ကြောင်ချေးက “ဟာ မင်းတို့ကောင်တွေ ပလ္လင်ပေါ်များ သွားမအိပ်ကြနဲ့ဟေ့။ ငါ့လိုလူ သူတော်ကောင်းမို့လို့ပေါ့ကွာ။ လူသတ်၊ ဓားပြတိုက်တဲ့ သူယုတ်မာသာ ဖြစ်နေရင် ‘မြေအိုးလိုပဲ အကွဲလွယ်ပြီး အစပ်ခက်’တတ်တယ်၊ ကုလို့ တောင်းပန်လို့ မရနိုင်ဘူးလို့ သမားတော်ကြီးက ပြောတယ်။ ငါကတော့ ဘိန်းသာစားတာ သူတပါးအပေါ် အကောက်မကြံ ဖြောင့်မှန်တာကြောင့် တောင်းပန်တာနဲ့ ပလ္လင်စောင့်ပုဂ္ဂိုလ်တွေက ခွင့်လွှတ်လို့ အသက်ပြန်ရှင်လာတာလို့” သမားတော်ကြီးရဲ့ ပြောစကားကို ပြန်လည်ဖောက်သည်ချလေ့ရှိသတဲ့။  

အဲဒီလို ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို သတိရလိုက်မိတယ်။ လောကမှာ တကယ်လည်း ဘိန်းစား၊ လူသတ်၊ စစ်ဓားပြတွေ ပလ္လင်ပေါ်ရောက်လာရင် တိုင်းပြည်လည်း ဖြစ်ချင်ရာဖြစ်လို့ လောကကြီး ကမောက်ကမဖြစ်တတ်ကြောင်း အသိရလိုက်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် “ဖြစ်ချင်တာက သမ္မတ၊ ဖြစ်နေတာက လူသတ် စစ်ဓားပြ” အတွက်တော့ ‘ပလ္လင်စောင့်ပုဂ္ဂိုလ်တွေကို တောင်းပန်လို့ ရမှရပါလေစ’လို့ သံဝေဂရမိကြောင်းပါခင်ဗျာ။

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024