မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက် ၄၁ လမ်း ကုန်စိမ်းတန်း ညဈေးနဲ့ ပေါ်တော်မူဘုရားအနီး ကမ်းနားလမ်းပေါ်မှာ နိုဝင်ဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရနိုင်ပြီး စစ်ကောင်စီတပ်သားတွေက ပြန်လည် ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။
“ပေါက်ကွဲမှုဖြစ်တဲ့အနားမှာ မနက်က စစ်သားတွေရော ရဲတွေရော စစ်ဆေးတာတွေနဲ့ ကမ်းနားလမ်းက ကျူးတွေ ရှင်းတာ လုပ်နေတယ်။ အဲဒါကို လာပြီး ဗုံးနဲ့ပစ်တာထင်တယ်။ ထိခိုက်ဒဏ်ရာရနိုင်တယ်။ စစ်သားတွေဘက်က ပြန်ပစ်တာ အတွဲလိုက်ပဲ။ ရပ်ကွက်ထဲထိ လိုက်ပစ်တာ။ ပြည်သူ နှစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တယ် ပြောကြတယ်။ ဟိုဘက်က ထိတာတော့ မသိရသေးဘူး” လို့ သံလျှက်မှော်အနောက်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၂၄ ရက် မနက်ပိုင်းကလည်း ၄၁ လမ်း ကုန်စိမ်းတန်း ညဈေးအနီး ကမ်းနားလမ်းပေါ်မှာ စစ်ကောင်စီတပ်ကား တစ်စီး ဗုံးနဲ့ပစ်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၄ ယောက်နဲ့ ဈေးဝယ်ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။