မွန်ပြည်နယ်၊ သထုံမြို့မှာ ဗုံတွေ ဆက်တိုက်ပေါက်ပြီးနောက် နိုဝင်ဘာ ၂၆ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ် ရပ်ကွက် အားလုံးကို လှည့်လည် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီရဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ည ၉ နာရီကနေ ၁၁ နာရီ လောက်ထိ ၂ နာရီအကြာ မြို့အတွင်း လှည့်လည်ပြီး သေနတ်အချက် ၁၀၀ လောက် ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ သထုံမြို့ မြို့ပေါ်ရပ်ကွက်တွေ ဖြစ်တဲ့ လိပ်အင်း၊ နန်းခဲ၊ အောက်ကျင်း၊ သိမ်းကုန်းနဲ့ ဘင်လှိုင်ရပ်ကွက်တွေမှာ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို တံခါးမဖွင့်ပေးတဲ့ နေအိမ်တွေကို သေနတ်မိုးပေါ်ထောင်ပြီး ပစ်ခတ် ခြိမ်းခြောက်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို ညအချိန်မတော် ပစ်ခတ်သောင်းကျန်းမှုကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
သထုံမြို့မှာ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ အပါအဝင် နေရာ ၅ နေရာမှာ ဗုံးဆက်တိုက် ပေါက်ကွဲခဲ့တာပါ။
အဆိုပါ ပစ်ခတ်မှုနဲ့ ဗုံးကွဲမှုတွေကြောင့် လူတွေ ထိခိုက် သေဆုံး ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။