“Omicron” ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် စိုးရိမ်ရဟု WHO ကြေညာ

တောင်အာဖရိကမှာ လတ်တလော အသစ်တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို “Omicron”  လို့  အမည်ပေးလိုက်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပါတယ်။

ဂရိနာမည် “Omicron” (အိုမီခရွန်း)လို့ အမည်ပေးထားတဲ့  ဒီမျိုးကွဲသစ်ဟာ    ကနဦးတွေ့ရှိချက်အရ  ရောဂါကူးစက်မှုပျံ့နှံ့မှု စိုးရိမ်ရတဲ့ မျိုးစိတ်ဖြစ်တယ်လို့ လည်း WHO က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို  WHO က ဂရိနာမည်ပေးတာ အခု Omicron မျိုးကွဲသစ်ဟာ ၅ ခုမြောက်ဖြစ်ပါတယ်။ 

အစက B.1.1.529 အဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ  တောင်အာဖရိကနိုင်ငံမှာ နိုဝင်ဘာ ၂၄ ရက်က ပထမဆုံးတွေ့ရှိပြီး ဒီနောက် ဘော့ဆွာနား၊ ဘယ်လ်ဂျီယံ ၊ ဟောင်ကောင်နဲ့ အစ္စရေး နိုင်ငံတွေ မှာလည်း တွေ့ရှိခဲ့ပါတယ်၊ 

“Omicron”မျိုးကွဲသစ်က အရင်ဗီဇပြောင်းမျိုးကွဲတွေနဲ့မတူဘဲ   ဒယ်လ်တာမျိုးကွဲထက် နှစ်ဆပြင်းထန်ပြီး ပျံ့နှံမှုနှုန်းလည်းမြန်ဆန်နိုင်တယ်လို့ သတင်းတွေထွက်နေတာကြောင့် လက်ရှိ ထုတ်လုပ်သုံးစွဲနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မထိရောက်တော့မှာကို ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။ 

လတ်တလော အာဖရိက တောင်ပိုင်းနိုင်ငံတွေမှာ ရောဂါကူးစက်မှု တဖြည်းဖြည်းတိုးလာနေလို့ ဆွစ်ဇာလန်နဲ့ အီးယူတချို့နိုင်ငံတွေက တောင်အာဖရိက လာမယ့်သူတွေကို ခရီးသွားကန့်သတ်ချက်တားမြစ်ချက်တွေ စတင် ပြုလုပ်နေကြပါတယ်။ 

ဘယ်လ်ဂျီယမ်ဟာ တောင်အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ်ရဲ့ ပထမဆုံးလူနာကို တွေ့ရှိခဲ့ကြောင်း ဗိုင်းရပ်စ်ဗေဒပညာရှင်တစ်ဦးက နိုဝင်ဘာ ၂၆ ရက်နေ့မှာ အတည်ပြုပြောကြားထားတာပါ။

နိုဝင်ဘာ ၁၁ ရက်က အီဂျစ်နိုင်ငံကနေ ဘယ်လ်ဂျီယံကို ပြန်လာတဲ့ ခရီးသွားတစ်ဦးဆီမှာ အဲ့ဒီမျိုးကွဲတစ်မျိုးကို တွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်မှာတော့ ပထမဆုံး ရောဂါလက္ခဏာများ တွေ့ရှိခဲ့ကြောင်း ဗိုင်းရပ်စ်ဗေဒ ပညာရှင်က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တွေ့ရှိတဲ့ဒေသတွေဆီ လေကြောင်းခရီးသွားလာမှု အချိတ်အဆက်တွေကို ဆိုင်းငံ့ထားဖို့ ဥရောပသမဂ္ဂရဲ့ အမှုဆောင်အရာရှိချုပ်က  တောင်းဆိုထားပါတယ်။

ဥရောပမှာရှိကြသူအားလုံး လျင်လျင်မြန်မြန် ပြတ်ပြတ်သားသားနဲ့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်းနဲ့ ဥရောပ နိုင်ငံသားတွေ ကာကွယ်ဆေးထိုးကြဖို့နဲ့ ကိုယ်ခံအားမြှင့်တဲ့ ဆေးတွေနဲ့အတူ အကာအကွယ်ယူကြဖို့လည်း တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up