စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ထဲ သောင်တင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရေယာဉ်ကို တွန်းကူဖို့ လူလာခေါ်ချိန် ဒေသခံ PDF အဖွဲ့ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတယ်လို့ သိရပါတယ်။
ကလေးဝဘက်ကနေ မုံရွာဘက်ကို စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဉ် ၆ စီးအနက် ၂ စီးဟာ မင်းကင်းမြို့နယ် ရှားတောကျေးရွာနဲ့ တောင်ပတ်ကျေးရွာကြားမှာ နိုဝင်ဘာ ၂၂ ရက်တည်းက သောင်တင်နေခဲ့တာကြောင့် ရှေ့ဆက်မသွားနိုင်ဘဲဖြစ်နေခဲ့တာပါ။
နိုဝင်ဘာ ၂၆ ရက်မှာတော့ သောင်တင်နေတဲ့ ရေယာဉ်တွေကို ကူတွန်းချပေးဖို့ ရွာသစ်ကုန်းကျေးရွာနဲ့ ကျောက်ပန်းကုန်းကျေးရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်က လာခေါ်ချိန် လမ်းခုလပ်တစ်နေရာမှာ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုတိုက်ခိုက်မှုကို မင်းကင်းဒေသခံ PDF အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေနေ မသိရသေးဘဲ ဒေသခံ PDF အဖွဲ့ ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၂ ရက်တည်းက သောင်တင်နေခဲ့တဲ့ စစ်ကောင်စီရေယာဉ်တွေဟာ နိုဝင်ဘာ ၂၆ ရက်မှာ သောင်တင်ရာမှ လွတ်မြောက်သွားခဲ့ပြီး မုံရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရ ပါတယ်။