နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိအမှု ၄ မှုထဲက အမှုနံပါတ် ၃ နဲ့ ၄ ကို နိုဝင်ဘာ ၂၆ ရက် ဒီနေ့နေပြည်တော်မှာ မန္တလေးတိုင်းဒေသကြီးတရားရုံးချုပ် တရားသူကြီး ဦးမြင့်စန်းက ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကို အတိုင်ပင်ခံရဲ့ ရှေ့နေအဖွဲ့က အပြန်အလှန်စစ်မေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အတိုင်ပင်ခံရဲ့ရှေ့နေအဖွဲ့ကို သတင်းထုတ်ပြန်ခွင့်ပိတ်ပင်ထားတာကြောင့် တရားလိုပြသက်သေရဲ့ ထွက်ဆိုချက်အသေးစိတ်ကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲထားတဲ့ အဂတိအမှုနံပါတ် ၃ က နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ မြေ ၁၀၁ ဧက နဲ့စပ်ဆက်တဲ့အမှုဖြစ်ပါတယ်။
အဲ့ဒီအမှုအတွက် ဒေါက်တာမျိုးအောင်နဲ့ ဦးမင်းသူတို့ကိုပါ အမှုတွဲအဖြစ် စစ်ကောင်စီက စွပ်စွဲထားပါတယ်။ အမှုနံပါတ် ၄ ကတော့ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတည်ဆောက်ထားတဲ့ မြေ ၂၉ ဧကနဲ့ ပတ်သက်ပါတယ်။
အတိုင်ပင်ခံစွဲဆိုခံထားရတဲ့ အဂတိအမှု ၄ ခုစလုံးကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပြီး အဲ့ဒီနေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့အမှုအတွက် တရားလိုပြသက်သေ ၂ ဦးကို တရားရုံးက ဆင့်ခေါ်ထားပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ရုံးချိန်းကြရင် သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ ၃ ဦးတွဲအစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုကို အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာပဲ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွဲဆိုထားတဲ့ ကိုဗစ်စည်းကမ်းချိုးဖောက်တဲ့အမှု ၂ ခုကိုလည်း အပြီးသတ် အမိန့်ချမှာဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားတဲ့ သဘာ၀ဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးကဆုံးဖြတ်ခဲ့တာကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အချိန်တစ်ပတ်အတွင်းမှာ ပုဒ်မ ၃ ခုအတွက် အပြီးသတ်စီရင်ချက်ချတာကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။