Home
ဆောင်းပါး
ငဖယ်ကပြောင်းပြန် စစ်သူခိုးဉာဏ်ကလိမ်ဆင်တော့ ညစ်တွန်းနံတရားခွင်မှာ အဓမ္မ‌တွေ ဘောင်းလန်ပြန်
DVB
·
November 26, 2021

အသက် ၇၆ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ ပြည်သူချစ်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူကမခန့်အပ်တဲ့ ကာချုပ်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အခွင့်ထူးခံတသိုက်က ပြည်သူ့ဆန္ဒကို ဆန့်ကျင်အာဏာသိမ်းပြီးတဲ့နောက် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅)၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပေဒ ပုဒ်မ - ၆၇၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ စတဲ့ အမှုစုစုပေါင်း (၁၁) မှု နဲ့ စွပ်စွဲအမှု ဆင်ခဲ့ကြပါတယ်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) အမှုက စစ်တပ်က အာဏာလုတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက် စီးနင်းစဉ်မှာ သူရဲ့သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jummer လို့ခေါ်တဲ့ ဆက်သွယ်ရေး ဖြတ်တောက်စက် တစ်စုံတို့ကိုတွေ့တာကြောင့် ပို့ကုန်၊ သွင်းကုန်ပုဒ်မနဲ့ ပေါက်တတ်ကရအမှု ဆင်ခဲ့ကြတာပါ။

လက်နက်အားကိုးနဲ့ စစ်အခွင့်ထူးခံသူခိုးတသိုက် အာဏာလုယူမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုအတွက် စွပ်စွဲခံရသူဘက်က သက်သေအဖြစ်  သူကိုယ်တိုင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မှာ ထွက်ဆိုခဲ့တဲ့သတင်းကို အင်တာနက်သတင်းစာမျက်နှာတွေမှာ ဖတ်ရှုခဲ့ရပါတယ်။

"ဒီပစ္စည်းတွေကို သုံးလည်းမသုံးဘူး။ အဲ့ဒီပစ္စည်းတွေကို အိမ်မှာတွေ့တယ်လို့သာ ပြောတာလေ။ ကျွန်မမြင်မိဘူး။"

ဖြူစင်တဲ့ကိုယ်ကျင့်သီလနဲ့ တည်ကြည်တဲ့သမာဓိ၊ မြင့်မြတ်တဲ့ဂုဏ်သိက္ခာရှိရာမှာ မြန်မာနိုင်ငံသာမက၊ ကမ္ဘာကပါ စံထားလေးစားအသိအမှတ်ပြုရတဲ့ အမျိုးကောင်းသမီးကြီးရဲ့ နှုတ်ထွက်စကားဟာ ကလိမ်ကကျစ် စကစရဲ့ ညစ်တွန်းနံတရားရုံးထဲက ဥပဒေကျမ်းစာအုပ်တွေထက် အဆပေါင်းများစွာပိုလို့ ခိုင်လုံတည်ကြည်ဖြောင့်မတ်တယ်ဆိုတာ ပြည်သူအများက အကြွင်းမဲ့ယုံကြည်ကြပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ - ၂၅ နဲ့စွဲထားတဲ့ အမှုကိုကြည့်လိုက်ပြန်တော့ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတုန်းက  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မဲဆွယ်တဲ့ ယာဉ်တန်းလှည့်လည်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က နေအိမ်ရှေ့ထွက် လက်ပြခဲ့တာဟာ ကိုဗစ်စည်းကမ်းတွေ ချိုးဖောက်တယ်ဆိုတဲ့ သိက္ခာမဲ့ စွပ်စွဲချက်နဲ့ တရားစွဲထားတဲ့အမှု ဖြစ်ပါတယ်။

ဒေါ်‌အောင်ဆန်းစုကြည်ကို အပြစ်မရှိအပြစ်ရှာပြီး အမှုဆင်စွပ်စွဲထားတဲ့အမှု နောက်တမှုက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြစ်ပါတယ်။  အဲ့ဒီပုဒ်မ ဟာ “ရန်သူကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ရည်ရွယ်ပြီး သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍ သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားတဲ့ အစိုးရ စကားဝှက် သို့မဟုတ် ကင်းစကားဝှက် တစ်ခုခုကိုသော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ရပ်ရပ်ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းပြုလျှင်” အရေးယူခံရမယ်လို့ ပြဋ္ဌာန်းထားတဲ့ပုဒ်မဖြစ်ပါတယ်။ 

သူခိုးကလူဟစ်တယ်ဆိုတဲ့စကားပုံလို နိုင်ငံပိုင်၊ ပြည်သူပိုင်တွေကို ခိုးဝှက်ရယူပြီး ချမ်းသာကြွယ်ဝနေကြတဲ့ စစ်ဂျပိုးသူခိုးတွေဟာ သူတို့အာဏာလုယူခဲ့တာကို ဖုံးကွယ်ဖို့ သီလသမာဓိ တည်ကြည်ဖြောင့်မတ်ကြတဲ့ ပြည်သူလူထုက တင်‌မြှောက်ထားတဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်တမ်းတရားစွပ်စွဲပြီး အမှုဆင်တရားစွဲဆိုခဲ့တဲ့အမှုတွေကို အပတ်စဉ် တနင်္လာနေ့တိုင်း နေပြည်တော်အထူးတရားရုံးမှာ အချိန်ဆွဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။ သဘာဝဘေးစီမံပုဒ်မအတွက် လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့လည်းဆိုပါတယ်။

တကယ်တော့ မြန်မာပြည်သူအများစုရဲ့ နှလုံးသည်းပွတ်ပမာ ချစ်ခင်လေးစားကြည်ညိုကြရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်တရားစွဲတာဟာ ပြည်သူလူထုကို နှလုံးစိတ်ဝမ်းမချမ်းမြေ့အောင် တမင်ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ဓားပြတွေက ပြည်သူကိုတရားစွဲဆိုမှု ပါဘဲ။

ဘယ်လိုအမိန့်တွေပဲချချ မတရားအမှုဆင်တရားစွဲခံနေရတဲ့ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့တကွ NLD ခေါင်းဆောင်တွေဟာ တုန်လှုပ်လိမ့်မှာ မဟုတ်ပါဘူး။

ယုံကြည်ရာကိုသာ ပြောဆိုတတ်ပြီး ကိုယ်တိုင်လည်းလိုက်နာကျင့်သုံးတတ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “ရှင်တို့လည်း ကျွန်မလို သတ္တိရှိဖို့ ပြင်ဆင်ခဲ့ကြ” လို့ အောက်ပါရဲရဲတောက်မိန့်ခွန်းပြောပြီး ပြည်သူ့‌သွေးစွန်းပြီး ကောက်ကျစ်ယုတ်မာလှတဲ့ စစ်အခွင့်ထူးခံ ဗိုလ်ချုပ်‌တွေကို ပြတ်ပြတ်သားသား သတိပေးခဲ့ပြီးသားပါ။

🛑 "ဘယ်လိုဥပဒေပဲဖြစ်ဖြစ် ကျွန်မတို့ လိုက်နာကြရမယ်။ ရှင်တို့ ကျွန်မကို မတရားတဲ့ ဥပဒေတွေနဲ့တရားစွဲ၊ စီရင်ချက်တွေ အမျိုးမျိုးချခဲ့သမျှ ကျွန်မ ဘယ်တုန်းက ငြင်းဆန်ခဲ့ဖူးသလဲ၊ ကျွန်မ ဘယ်လိုတုံ့ပြန်ခဲ့ဖူးသလဲ။”

🛑 “နိုင်ငံသားကြီးသားပီသစွာ ဥပဒေကို လေးစား လိုက်နာရမယ်ဆိုတဲ့အကြောင်း ကျွန်မ နိုင်ငံသားတွေကို စံပြပေးရင်း ရှင်တို့ အပြစ်ဒဏ်ချသမျှ ကျွန်မရင်ဆိုင်ခံယူပြခဲ့တယ်လေ။”

🛑 “အခုလည်း ကမ္ဘာကြီးက ဥပဒေအရ ကျွန်မနဲ့ ရှင်တို့ကို တရားဥပဒေအရ စွဲချက်တင်တာ ကျွန်မတို့ရင်ဆိုင်ရမှာပဲ။ဒီနေရာမှာလည်း ကမ္ဘာကြီးရဲ့ ဥပဒေတရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကျွန်မတို့ ခုခံကာကွယ်လျှောက်လဲရင်း စီရင်ချက်ကို ကျွန်မတို့ စံပြအဖြစ် လိုက်နာသွားကြဖို့ ကျွန်မကိုယ်ကျွန်မ ဆုံးဖြတ်ထားတယ်။”

 🛑 “ဥပေဒဆိုတာ လေးစားလိုက်နာရတဲ့အကြောင်း ကျွန်မကိုယ်ကို အရင်းတည်ပြီး စံပြအဖြစ် ခံယူသွားမယ်၊ ဥပဒေကို ချိုးဖောက်ရင် ဥပဒေရဲ့ စီရင်ခြင်းကိုခံရမှာ ဓမ္မတာပါပဲ။”

🛑 “ကျွန်မရဲ့ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရာဆိုတဲ့စာအုပ် အလကားရေးထုတ်ခဲ့တာမဟုတ်ဘူး။ ကျွန်မရဲ့ ယုံကြည်ရာ ကမ္ဘာကြီးကို စံနမူနာပြဖို့ ကျွန်မကိုယ်နဲ့ရင်း ရေးထိုးပြခဲ့တာ။”

တကယ်တော့ မြန်မာစစ်ဗိုလ်ချုပ်သူခိုးကြီးတွေဟာ အရင်ကထက်ပိုပြီး ဒေါ်‌အောင်ဆန်းစုကြည်အပေါ်  အငြိုးထားလာကြတာကို ပြည်သူတွေက သတိထားမိကြပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကာလမှာ အသက် ၄၃ နှစ်အရွယ်သာရှိ‌သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်း နဝတအစိုးရက ၁၉၈၉ ခုနှစ်၊ ဇူလိုင်လမှာ နိုင်ငံတော်အား ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) နဲ့ ပထမဆုံးအကြိမ်နေအကျယ်ချုပ်ချမှတ်ခဲ့ပါတယ်။

နောက်တော့ ပုဒ်မ ၁၀ (ခ) အရ ၃ နှစ်တိတိချုပ်ထားခွင့်ရှိလို့ ၁၉၉၂ ခုနှစ် ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရမှာဖြစ်ပေမယ့် နဝတစစ်အစိုးရက ၁၉၉၁ ခုနှစ်မှာ ၅ နှစ်တိတိ ထိန်းသိမ်းခွင့်ရှိတယ်ဆိုတဲ့ ဥပဒေပြင်ဆင်ချက်ကို ပြောင်းလဲခဲ့ပါတယ်။ စုစုပေါင်းအကျယ်ချုပ် ၃ ကြိမ်ချခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်ဗိုလ်သန်း‌ရွှေတို့ရဲ့ ၁၅ နှစ် မတရားထိန်းသိမ်းမှုကို ခါးဆီးခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းစစ် အခွင့်ထူးခံစစ်အုပ်စုဟာ လူထု‌ခေါင်းဆောင်ကို အနည်းဆုံး နှစ်ပေါင်း ၇၅ နှစ်ထောင်ဒဏ်ကျစေနိုင်မယ့် ပုဒ်မတွေတသီတသန်းနဲ့ အမှုဆင်လို့ အငြိုးတကြီး ကြံစည်ယုတ်မာလာကြပါတယ်။

တိုင်းပြည်ကို လမ်းမှန်ပေါ်ရောက်ဖို့နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေဖို့ သူရဲ့သားတွေကိုစွန့်လွှတ်၊ မိသားစုဘဝအပျက်ခံ၊ နှစ်ရှည်လများ အကျဉ်းကျခံ စတဲ့လူသာမန်‌တွေ မပြုနိုင်တဲ့စွန့်ခြင်းများစွာနဲ့ သူ့ရဲ့ဘဝတခုလုံးပေးဆပ် ကြိုးပမ်းနေတဲ့လူထုခေါင်းဆောင်ကို အခုလို မရိုးမသားအကောက်ကြံပြီး အမှုဆင်ထောင်ချဖို့ အရှက်မဲ့စွာ ကြိုးပမ်းလာတဲ့ စစ်အခွင့်ထူးခံတသိုက်ရဲ့ ညစ်တွန်းနံတရားခွင်မှာ ကလိမ်စေ့ငြမ်းစင်မှုတွေ၊ အဓမ္မ‌တွေဘောင်းလန်နေတာမို့ ဒီအမှုစီရင်ခြင်းကို မြန်မာပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးက လက်သင့်မခံ အသိအမှတ်မပြုကြတဲ့အပြင် ငဖယ်ကပြောင်းပြန်ဆိုသလို သူခိုးကလူပြန်ဟစ်နေကြတဲ့ ဒီလိုလုပ်ရပ်ဆိုးတွေဟာ မကောင်းမှုတွေ ရောင်ပြန်ဟပ်လို့ မတရားပြုသူ စစ်အခွင့်ထူးခံတွေ ပျက်စီးရာပျက်စီးကြောင်းကိုသာ တွန်းပို့ပေးရာရောက်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024