ဖားကန့် မှော်စီစာ အထကကျောင်းရှေ့၌ မိုင်းကွဲ၊ ဆရာ ဆရာမနှင့် ကျောင်းသူအချို့ ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာ အထက ကျောင်းခွဲမှာ နိုဝင်ဘာ ၂၆ ရက် ဒီမနက်က  မိုင်းပေါက်ကွဲပြီး  ဆရာ/ဆရာမနဲ့ ကျောင်းသူ ကျောင်းသားအပါအဝင်  အနည်းဆုံး  ၆ ယောက်လောက်  ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီမနက် ၈ နာရီ ၁၅ မိနစ်လောက်က ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ ကျောင်းကိုအလာ ကျောင်းအဝင်ဝနားမှာ မိုင်းပေါက်ကွဲမှုဖြစ်လို့  ထိခိုက်ဒဏ်ရာရသူတွေကို ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ် ဥက္ကဋ္ဌ ကိုဂျက်က ဒီဗွီ ဘီကို ပြောပါတယ်။ 

“မိုင်းထိဒဏ်ရာရသူတွေရှိတယ်ဆိုပြီး ဖုံးဆက်လာတော့ ကျနော်တို့အဖွဲ့က ကား ၂ စီးနဲ့ လူနာတွေကို သွားသယ်ပြီး ဖားကန့်ဆေးရုံပို့ထားပေးပါတယ်။ ဒဏ်ရာက သူတို့ ကျောမှာ ၊ ဗိုက်မှာ ၊ ခြေထောက်နဲ့ ပေါင်တွေမှာထိတယ်၊ စုစုပေါင်း ၆ ယောက်။ ဆိုင်ကယ်သမား ၁ ယောက်၊ ပြီးတော့ ဆရာ ၁ ယောက် ၊ ဆရာမ ၂ ယောက် နဲ့ ကျောင်းသူ ၂ ယောက် ၊ အဲဒီထဲမှာ ဆိုင်ကယ်သမားနဲ့ ကျောင်းဆရာတစ်ယောက်က သွေးထွက်လွန်တော့ စိုးရိမ်ရတယ်။ ”

မျက်မြင်တွေပြောပြချက်အရ ဆိုင်ကယ်သမားက အရင်ဆုံးကျောင်းရှေ့ဖြတ်လာရာမှာ ထောင်ထားတဲ့မိုင်းပေါက်တာဖြစ်ပြီး နောက်ကလိုက်လာတဲ့ ဆရာဆရာမနဲ့ ကျောင်းသူတွေပါ ထိကုန်တာလို့ ဒေသခံက ပြောတယ်။

အဆိုပါပေါက်ကွဲမှုမှာ ကျောင်းဆရာ ၂ ယောက်၊ ဆရာမ ၃ ယောက်၊ ကျောင်းသား ၁ ယောက် ၊ ကျောင်းသူ ၁ ‌ယောက်နဲ့ ကျောင်းသားမိဘ ၁ ယောက် စုစုပေါင်း ၈ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ 

ကျောင်းအုပ်ဆရာမကြီးက လိုက်ထရပ်ကားမောင်းလာပြီး ကျောင်းကွေ့အဝင် မြောင်းနားမှာ ရှိတဲ့ မိုင်းပေါက်ကာ ကားနောက်ဘီးပွင့်သွားတာလို့  ဆိုပါတယ်။  အဆိုပါ စာသင်ကျောင်းမှာ ဒီလ ၆ ရက်နေ့ကလည်း မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး အဲတုန်းကတော့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up