ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက ရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ လာရောက်ပစ်ခတ်မှုအပြီး ဒေသခံ ၁၀ ယောက်ကျော်လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။
ဇလွန်မြို့မရဲစခန်းမှာ ရဲတွေ တန်းစီနေချိန် ဘောလုံးကွင့်ထောင့်နားကနေ သေနတ်နဲ့ ၁၀ ချက် လောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်တဲ့သူတွေ မရှိတော့မှ ရဲက နောက်က သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ခုက သတင်းအုပ်ထားတာ မိုင်းလာထောင်တာ မဟုတ်ဘူး။ တန်းစီနေတဲ့အချိန်လာပစ်တာ အဲဒီကောင်တွေက တန်းစီပြီးရင် လှည့်ကင်းထွက်တာ။ မထွက်ခင်လာပစ်သွားတာ ၃ ယောက်ထိ တယ်ကြားတယ်။ လာပစ်တဲ့သူတွေ လွတ်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲစခန်းသေနတ်နဲ့ပစ်ခတ်မှုအပြီး ဒေသခံလမ်းသွားလမ်းလာ ၂ ယောက်ကို ဖမ်းဆီးခဲ့သလို နောက်တရက်မှာလည်း ပြည်သူ ၁၀ ယောက်လောက်ကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဇလွန်မြို့မရဲစခန်းကိုလာရောက်ပစ်ခတ်တာဟာ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသေးသလို တိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ထုတ်ပြန်တာမျိုး မရှိ သေးပါဘူး။