မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် ဒီမနက် ၁၁ နာရီလောက်က ကေအန်ယူ လက်အောက်ခံ KNLA တပ်မဟာ ၁၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဓားရိုးကျေးရွာနဲ့ ညာဓဝယ်ကျေးရွာအနီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၅ ယောက်ပါ အဖွဲ့နဲ့ KNLA တပ်မဟာ ၁ တပ်ရင်း ၂၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့(TPG) မဟာမိတ် ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး KNLA နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိဘဲ ဆုတ်ခွာခဲ့တယ်လို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)က ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က နှစ်ဘက် စစ်ရေးလှုပ်ရှားမှု လုပ်နေတဲ့အချိန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်ကြီး အဆင့် ၁ ယောက်နဲ့ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ နဲ့ ဒေသခံ PDF မဟာမိတ်ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း သထုံမြို့နယ် ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။