အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်မှာ နိုဝင်ဘာ ၂၅ ရက် မနက်က Women Generation အဖွဲ့က ဦးဆောင်ပြီး “စက်ဘီးစီးကမ်ပိန်း” ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါလှုပ်ရှားမှုကို စစ်တွေမြို့၊ ကုလားတန်မြစ်ကမ်းနားရှိ ကိုးရီးယားဆိပ်ကမ်းမှ စတင်ကာ လမ်းမကြီးတစ်လျှောက်နဲ့ ရှုခင်းသာလမ်းအတိုင်း စစ်တွေပွိုင့်မှာ အဆုံးသတ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Women Generationအဖွဲ့ ဒါရိုက်တာ မခင်မြင့်ဇော်က '' အခုက ဆောင်းရာသီလည်း ဝင်စဆိုတော့ စက်ဘီးစီးရင်ပိုပြီးတော့ သင့်တော်မယ်ထင်တယ်။ နောက်ပြီး အမျိုးသမီးအကြမ်းဖက်မှု ရပ်တန့်ရေးနဲ့ ရခိုင်ပြည်နယ်မှာ အတော်တော်များများ စက်ဘီးစီးတာမတွေ့သေးဘူး။ အဲဒါကြောင့် စက်ဘီးစီးကမ်ပိန်းကို လုပ်လိုက်တာဖြစ်ပါတယ်။''လို့ ပြောပါတယ်။
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက အမျိုးသမီးအရေးဟာ အားလုံးနဲ့ဆိုင်သလို လူ့အခွင့်အရေးလည်းဖြစ်တာမို့ ပါဝင်လာတာဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ကမ္ဘာတဝန်းမှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။
Photo- Kaung Mrat Naing / MPA