မန္တလေးမြို့မှာ နိုဝင်ဘာ ၂၅ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ စည်ပင်ရုံးတွေ အပါအဝင် နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
အမရပူရမြို့နယ်မှာ မနက် ၅ နာရီခွဲဝန်းကျင်က မှန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးအနီးမှာ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့တဲ့အပြင် မနက် ၆ နာရီလောက်ကလည်း အမရပူရမြို့နယ်၊ ဆည်တဲရပ်မှာ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
“မနက်က ဗုံးနှစ်လုံးကွဲတာ။ မှန်တန်း အုပ်ချုပ်ရေးမှူးရုံးနားမှာတစ်လုံး ဆည်တဲရပ်မှာတစ်လုံး။ နှစ်နေရာလုံး ထိခိုက်တာရှိတယ်ကြားတယ်။ မနက်စောစောဆိုတော့ တိတိကျကျမသိရဘူး။” လို့ အမရပူရမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်မှာလည်း ဒီမနက် ၆ နာရီလောက်က ၂၇ လမ်း ၊ ၇၁ လမ်း နဲ့ ၇၂ လမ်းကြား မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီရုံးအနောက်ဝင်ပေါက်အနီးရှိ Network ကေဘယ်ပုံး အောက်ခြေ ပေါက်ကွဲမှုဖြစ်ပြီး အောင်မြေသာစံမြို့နယ် မြောက်ပြင်ဘက်မှာလည်း ပေါက်ကွဲမှုဖြစ်တယ်လို့ သိရပါတယ်။ အဆိုပ၉ါ ပေါက်ကွဲမှု နှစ်ခုလုံးမှာ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။
ဒါ့အပြင် ချမ်းအေးသာစံမြို့နယ် မန္တလေးဈေးချိုတော် ၂၇ လမ်း နဲ့ ၈၅ လမ်းရှိ ဈေးစည်ပင်ရုံးကို မနက် ၁၀ နာရီကျော်က လက်ပစ်ဗုံးနဲ့ ထုခံရပြီး ဗုံးဟာ ပေါက်ကွဲမှုမရှိဘူးလို့ သိရပါတယ်။
“ပထမ ပြုတ်ကျလို့ ကောက်ပြီး နောက်တစ်ခါထပ်ပစ်တာ ကန်ပြီး လမ်းပေါ်ကျတယ်။ ဈေးရုံး အပေါ်ထပ်ကိုပစ်တာ။ ရုံးပေါ်ကလူတွေ ဆင်းပြေးကြတယ်။ ရှေ့ကမဆင်းကြဘူး နောက်ကနေ ဆင်းကြတယ်။”လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
ဗုံးနဲ့ ပစ်ခံရပြီး မကြာခင် ဈေးချိုပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာကာ စစ်ဆေးမေးမြန်းနေပါတယ်။