Home
မြန်မာသတင်း
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ
DVB
·
November 25, 2021

အာရှနဲ့ ဥရောပနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ASEM ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၆ အထိ နှစ်ရက်တာ အွန်လိုင်းကနေကျင်းပနေရာမှာ အိမ်ရှင််အဖြစ် ကမကထလုပ်တဲ့ ကမ္ဘောဒီးယားက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။ 

ပြီးခဲ့တဲ့လ  အာဆီယံထိပ်သီးအစည်းအဝေးတွေတုန်းကလိုပဲ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ပဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားတဲ့မူကို အာဆီယံက ဆက်လက်ကျင့်သုံးနေတာပါ။ 

မြန်မာစစ်ကောင်စီဘက်ကတော့ အခု ASEM ကို ကိုယ်စားလှယ်မစေလွှတ်ဘူးလို့ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံကို အကြောင်းကြားထားပြီး လေ့လာသူအနေနဲ့ နည်းပညာအဖွဲ့ကိုသာ လွှတ်မယ်လို့ အကြောင်းပြန်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံကနေ ၂ရက်တာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ASEM ထိပ်သီး အစည်းအဝေးကို အာရှ-ဥရောပ နိုင်ငံ ၅၀ ကနေ ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။ 

ဒါဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဖိတ်ကြားခြင်း မခံရတဲ့ တတိယအကြိမ်မြောက် အာရှဒေသတွင်း အစည်းအဝေးဖြစ်ပါတယ်။ 

အရင် ဘရူနိုင်းက အိမ်ရှင်အဖြစ်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကစလို့ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ကြားခဲ့သလို တရုတ်နိုင်ငံက ကမကထလုပ်တဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာလည်း  မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားဖို့ တရုတ်သံတမန်က စည်းရုံးလှုံ့ဆော်ခဲ့ပေမယ့် အာဆီယံနိုင်ငံကနေ အပြင်းအထန် ကန့်ကွက်မှုကို ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024