တနင်္ဿာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသက ပြည်သူ ၂ ဦးကို ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
လှည်းကုန်းအမှတ်(၁) ရပ်ကွက်က ရေပေးဝေရေးကော်မတီဝင်ဟောင်း ဦးအောင်စိုးကို နိုဝင်ဘာ ၂၄ ရက် မနက် ၃ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာက ကိုသက်ကိုဦးကိုလည်း ဒီနေ့မနက် ၃ နာရီခွဲလောက် နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာတော့ မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်ညက စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံရွာသား ၇ ဦးလည်း ပြည်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးသွားတဲ့ ကံပေါက်တိုက်နယ်က ပြည်သူ ၉ ဦးလုံးကို ကံပေါက်မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါနေကြတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။