Home
မြန်မာသတင်း
လူမှုကွန်ရက်သုံး သက်လတ်ပိုင်းအရွယ်များ စိတ်ကျရောဂါ ပိုခံစားရဟု စစ်တမ်းက တွေ့ရှိ
DVB
·
November 24, 2021

လူမှုကွန်ရက်အသုံးပြုတာဟာ ဆယ်ကျော်သက်အရွယ်တွေ စိတ်ကျရောဂါနဲ့ စိတ်ပူပင်ခံစားရမှု တွေနဲ့ ဆက်စပ်နေပြီး သက်လတ်ပိုင်းအရွယ်တွေမှာလည်း ဝမ်းနည်းမှုတွေ ခံစားရစေနိုင်တာကို စစ်တမ်းတွေမှာ တွေ့ရှိရတယ်လို့ အမေရိကန် ဆေးပညာဂျာနယ် JAMA Network Open မှာ ဖော်ပြပါတယ်။

ကိုဗစ်ရောဂါကာလအတွင်း ဖြတ်သန်းမှုပုံစံတွေကို ကနဦးရည်ရွယ်ပြုစုခဲ့တဲ့ စစ်တမ်းကို လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မေလက စတင်ခဲ့ပြီး လူဦးရေ ၅၃၉၅ ယောက်ပါဝင်ဖြေဆိုထားတဲ့ ရလဒ်မှာ ခုလို တွေ့ရှိခဲ့တာပါ။

သုတေသီတွေ တွေ့ရှိခဲ့တဲ့ထဲမှာ အသက်အရွယ်ကွာခြားမှုကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်မှု ကွာခြားနေတာလည်း ပါဝင်ပါတယ်။ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေထဲမှာ အသက် ၃၅ နှစ်အောက်အရွယ်တွေက စိတ်ဓာတ်ကျဆင်းမှုကို ပိုမိုမှတ်တမ်းတင်ခဲ့ကြပါတယ်။

Snapchat နဲ့ TikTok အသုံးပြုသူတွေထဲမှာတော့ အသက် ၃၅ နှစ်အထက်အရွယ်ပိုင်းတွေမှာပိုပြီး စိတ်ကျရောဂါခံစားရတာကို တွေ့ရှိခဲ့ကြရပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ခုလိုသက်ရောက်မှုတွေဖြစ်ရတယ်ဆိုတာ မသဲကွဲသေးပေမယ့် Snapchat, TikTok တွေမှာ အရုပ်မြင်နိုင်မှု ပိုများပြားတာက အသက်ပိုကြီးတဲ့သူတွေကို မတူညီတဲ့ သက်ရောက်မှုရှိနိုင်တယ်လို့ ပညာရှင်တွေက မှန်းဆကြပါတယ်။

ခုတွေ့ရှိချက်ကို ပိုတိကျအောင် အကဲဖြတ်နိုင်ဖို့ နောက်ထပ် လေ့လာဆန်းစစ်ချက်တွေ လိုအပ်နေသေးပေမယ့် လူမှုကွန်ရက်အသုံးပြုချိန် ဘယ်လောက်ကြာပြီလဲဆိုတာ မိမိဘာသာ သတိပြုမိကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

Image: Creative Commons License

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024