ဝါးလက်မှု အမှတ်တရ ပစ္စည်းများ ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချနေရ

ပြည်ပခရီးသွားတွေ ရပ်နားထားရတဲ့အချိန်ဖြစ်တာကြောင့် မန္တလေးက ဝါးလက်မှု အမှတ်တရပစ္စည်း အရောင်းဆိုင်တွေအနေနဲ့ ပြည်ပဈေးကွက် တင်ပို့မှုရပ်နားထားရပြီး ဈေးကွက်ပျက်သလောက်နီးပါးဖြစ်နေတယ်လို့ ဝါးလက်မှုအမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေက သိရပါတယ်။

ပြည်တွင်းဈေးကွက်မှာ စားသောက်ဆိုင်၊ ဟိုတယ်၊ အိမ်တွင်းအလှဆင်တဲ့ နေရာတွေမှာ အဓိက ထားပြီး ပစ္စည်းတွေကို မှာယူကြလေ့ရှိပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ ပြည်ပဈေးကွက် တင်ပို့ရမှု မရှိသလောက်နည်းလာတာကြောင့် ပြည်တွင်းဈေးကွက်ကိုပဲ အားထားရောင်းချပေးနေရတယ်လို့ ပြောပါတယ်။

ဝါးလက်မှု အမှတ်တရ ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ကိုချမ်းမြေ့က “အရင်တုန်းကတော့ ဒါတွေက ဘယ်လိုမျိုး Market ကို ဦးတည်လဲဆိုတော့ အရင်တုန်းကကျတော့ နိုင်ငံခြားသားဈေးကွက်တို့ သဘောကျကြတဲ့အခါကျတော့  သူတို့တွေကို အဓိက တားဂတ်ထားတယ်၊ ပြည်တွင်း Market မှာဆိုရင် စားသောက်ဆိုင်တွေတို့၊ ဟိုတယ်တို့ ပြီးတော့ ဒီကရေးရှင်း လုပ်ရတာ သဘောကျတဲ့သူတွေပေါ့ အဲ့လိုလူမျိုးတွေကို ကျနော်တို့က တားကတ်ထားတယ်ဗျ။ Market က နှစ်မျိုးကွဲသွားတယ်ခင်မျ။ ၂၀၂၀ နောက်ပိုင်းကျတော့ ခရီးသွားလုပ်ငန်းက နည်းနည်းအေးသွားတဲ့အခါကျတော့ Local Market ကိုပဲ ကျနော်တို့က ဦးတည်ရတော့တာပေါ့နော်၊ အဲ့ဒီတော့ နိုင်ငံခြားဈေးကွက်က ပျက်သလောက်နီးပါး ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။

ကိုဗစ်ကာလမှာ သယ်ယူပို့ဆောင်ရေးအဆင်မပြေမှုတွေရှိခဲ့ပြီး အမေရိကန်နိုင်ငံကို တင်ပို့ရမယ့် ဆန်ကောပန်းချီတွေ တင်ပို့နိုင်ဖို့ နှောင့်နှေးမှုတွေ ဖြစ်ခဲ့တယ်လို့ ဝါးလက်မှုလုပ်ငန်းပညာရှင် ဘိုးသိကြားမင်းအနုပညာလုပ်ငန်းမှ ဝါးလက်မှုပညာရှင် ဦးဝင်းမောင်ငြိမ်းက ပြောပါတယ်။

လက်ရှိအချိန်အထိ လေယာဉ်၊ သင်္ဘော စတဲ့ ဘယ်ကနေ တင်ပို့ရမလဲ ဆိုတာတွေကို စဉ်းစားနေရတာကြောင့် နှောင့်နှေးမှုတွေဖြစ်ပေါ်ပြီး အမြန်ဆုံးပို့ဆောင်နိုင်ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

ဦးဝင်းမောင်ငြိမ်းက “ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းစသည်တို့ နဲ့ ကျနော်တို့သယ်ယူပို့ဆောင်မှု အခန်းကဏ္ဍတွေမှာ နည်းနည်းလေး အဖုအထစ်လေးတွေရှိတာနဲ့ အားလုံးကိုဗစ်ပြီးစီးသွားတဲ့အချိန်မှပဲ ဆက်လုပ်ကြဖို့အဲလိုရှိပါတယ်။ အမေရိကန်နိုင်ငံနယူးယောက်မြို့က အင်ဂျင်နီယာတစ်ဦးကတော့ ကျနော်ထုတ်လုပ်တဲ့ပစ္စည်းတွေကို သူဆောက်တဲ့အဆောက်အဦတွေမှာ သင့်လျော်တယ်၊ ကြိုက်လှပါတယ်ဆိုပြီးတော့ ကျနော့ကို ဝါးမီးအိမ်တွေဦးစားပေးပြီးတော့ မှာကြားပါတယ်။ နောက်ထပ် ကျနော်တို့ မြန်မာ့ (ထရက်ဒီရှင်နယ်)တွေပါတဲ့ ဆန်ကောပန်းချီ၊ နောက်တခါ သူတို့ အမေရိကန်နိုင်ငံရဲ့ အ မှတ်အသားတွေပါတဲ့ ဆန်ကောပန်းချီတွေကိုလည်း သူတို့လိုချင်ပါတယ်လို့ မှာယူမှုရှိပါတယ်။ အဲဒါတွေ လည်း  ကျနော်က အချိန်အတိုင်းအတာပေးပြီးတော့ ပြုလုပ်နေရပါတယ်။ ကိုဗစ်နဲ့ဆိုတော့ သင်္ဘောနဲ့သယ်ဆောင်မှုကိစ္စ၊ လေယာဉ်နဲ့ သယ်ဆောင်မှုကိစ္စတွေကြောင့်မို့ နည်းနည်းလေးတော့ နှောင့်နှေးမှုဖြစ်ပါတယ်။ သို့သော် သူတို့ဆီကိုရောက်အောင် အမြန်ဆုံးပို့ဖို့ စီစဉ်နေပါတယ်။ နောက် သူတို့ ကြိုက်တဲ့ ဒီဇိုင်းတွေကိုလည်း ကျနော်ရွေးချယ်နေပါတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ဝါးလက်မှု လုပ်ငန်း ပညာရှင်တွေအနေနဲ့ နိုင်ငံတကာက နည်းပညာတွေကို မှီငြမ်းပြီး ဝါးလူ့အသုံးအဆောင်ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ခဲ့ကြတာလို့ သိရပါတယ်။

ပြည်တွင်းဈေးကွက်မှာတော့  မင်္ဂလာခန်းမတွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ အလှပစ္စည်းတွေအဖြစ် ချိတ်ဆွဲထားတာ ပိုမိုသုံးစွဲလာကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up