စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ကနီပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၃ ရက်နေ့ တစ်ရက်တည်း ၁၀ နေရာနီပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့က မုံရွာဘက်ကနေ ဆန်တက်လာပြီး ကနီမြို့ဆိပ်ကမ်းမှာ ယာယီစခန်းချခဲ့တဲ့ စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးနဲ့ ကနီပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲလောက်စတင်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ပစ်ခတ်ခဲ့တာကတော့ နေရာအနေနဲ့ ပြောရမယ်ဆိုရင် ၁၀ နေရာလောက်တော့ရှိမယ်ဗျ။ ပစ်ခတ်တာကတော့ နေရာအစုံပဲ။ ဒါပေမဲ့ စစ်ကောင်စီက ကြိုတင် ပေပါအခွံတွေထဲ သဲတွေအပြည့်ထည့်ပြီး ကာဘာလုပ်လာတာဆိုတော့ ဒီကောင်တွေ အတော်လေး သက်သာရာ ရသွားတယ်။ တစ်ခုက ကျနော်တိုက ခေတ်မီလက်နက်မဟုတ်တာရောဆိုတော့ ပိုဆိုးသွားတယ်။ နှစ်ဖတ်အကျဆုံးကတော့ သူတို့ဘက်က အကျဆုံးအထိခိုက်တော့ အနည်းနဲ့အများရှိမှာပဲ။ ဒီလောက်ကြီးထုနေတာပဲ။ အတိအကျတော့မသိရနိုင်ဘူးလေဗျာ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ပါ ပစ်ခတ်ခဲ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“လက်ခေါက်မှန်ထားတဲ့ လူနာကတော့ အခြေအနေ ပြင်းထန်တယ်ပေါ့။ ကျန်နှစ်ဦးကတော့ ဦးခေါင်းရှပ်ထိရယ်၊ လက်ဝါးရှပ်ထိရယ်ပေါ့ သူတို့နှစ်ဦးက မစိုးရိမ်ရဘူး။”
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက် အဆိုပါစစ်ကောင်စီ အမြန်ရေယာဉ်နဲ့ Speed boat တို့ဟာ မင်းကင်းမြို့နယ်ဘက် ဆန်တက်သွားတာကြောင့် မင်းကင်းကာကွယ်ရေတပ်တွေနဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။