Home
မြန်မာသတင်း
ကိုဗစ်နှင့်အာဏာသိမ်းမှုဒဏ်ကြောင့် မြန်မာ့ခရီးသွားကဏ္ဍ နာလန်ထူနိုင်ဖွယ်မရှိဟု လုပ်ငန်းရှင်များ သုံးသပ်
DVB
·
November 23, 2021

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အာဏာသိမ်းမှုဒဏ်ကြောင့် အလူးအလဲခံစားခဲ့ရတဲ့  မြန်မာ့ခရီးသွားကဏ္ဍ နာလန်ထူနိုင်ဖွယ်မရှိသေးလို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ခရီးသွားကဏ္ဍက လုပ်ငန်းတွေအနေနဲ့ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ဖို့၊ ရပ်ထားတဲ့ လုပ်ငန်းတွေ ပြန်စဖို့ကြိုးစားနေပေမဲ့ လက်ရှိအနေအထားတွေအရ နာလန်ထူနိုင်ဖို့ ခက်ခဲနေသေးတယ်လို့  ဆိုပါတယ်။ 

မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကစပြီး သိသိ သာသာ ကျဆင်းသွားခဲ့တာဖြစ်ပြီး အခုအခါမှာလည်း ကိုဗစ်ကပ်ရောဂါနဲ့ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းတွေ အားလုံးနီးပါး ရပ်တန့်ထားရဆဲ အနေအထားပါ။

ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ ရာနှုန်းပြည့်နီးပါးလုပ်ငန်း ရပ်တန့်နေပြီး ဒီလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေက ၈၅ ရာခိုင်နှုန်းထိ ရပ်ဆိုင်းသွားတယ်လို့ ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ခရီးသွားလုပ်ငန်းတွေကတော့ လုံးဝအလုပ်မဖြစ်ဘူး။  ဟိုတယ်တွေကလည်း တစ်ဝက် တောင်ပြန်မဖွင့်နိုင်သေးပါဘူး။ ဖွင့်ထားတဲ့ ဟိုတယ်တွေကလည်း ဧည့်သည်က အများကြီးရှိတာမှ မဟုတ်တာ။”

မြန်မာနိုင်ငံကို နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက် မူတွေမရှိတော့တာကြောင့် ဧည့်လမ်းညွှန်ဝန်ဆောင်မှုလုပ်ငန်းဟာ လုံးဝရပ်ဆိုင်းသွားပြီလို့ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ပြောပါတယ်။

“အလုပ်အကိုင်က ၂၀၂၀ မတ်လကတည်းက ရပ်သွားတာဆိုတော့ ဧည့်လမ်းညွှန်အကုန်လုံး က အလုပ်နားထားရတယ်။ တချို့လည်း ရတဲ့အလုပ်ပြောင်းလုပ်နေကြတာပေါ့။ ဒါပေမဲ့ ဝင်ငွေ တစ်ခုအနေနဲ့ ပုံမှန်မရကြပါဘူး။” 

ဒါ့အပြင် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းကဏ္ဍတွေဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်း တွေ၊ ဖျော်ဖြေရေလုပ်ငန်းတွေ နဲ့ အခြားအသေးစားဆက်စပ် လုပ်ငန်းတွေ အများစုကလည်း ရပ်တန့်ထားရတဲ့အနေအထားပါ။

ဒါကြောင့် ခရီးသွားကဏ္ဍက လုပ်ငန်းရှင်တွေကတော့ မြန်မာ့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ မှာ အလုပ်အကိုင်ဆုံးရှုံးမှု ၈၅ ရာခိုင်နှုန်းထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

အရင်က မြန်မာ့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့အခြား ဆက်စပ်လုပ်ငန်းတွေကနေ အလုပ်အကိုင် ပေါင်း ၁ ဒသမ၅ သန်းဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ခရီးသွားကဏ္ဍ အထိနာနေတာ ၂ နှစ်နီးပါး ရှိပါပြီ။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှောင်းပိုင်းကစပြီး နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မူ ကျဆင်းခဲ့ကာ ခရီးသွားကဏ္ဍက ရရှိတဲ့ဝင်ငွေလည်း သိသာစွာ ကျဆင်းခဲ့ပါတယ်။ အခုနှစ်မှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံတကာခရီးသည်တွေကို တခြားနိုင်ငံတွေ နည်းတူ လက်ခံပေးနိုင်ခြေ မရှိသေးပါဘူး။ 

အခုအခါမှာ ကမ္ဘာ့နိုင်ငံ တော်တော်များများက   သူ့နိုင်ငံရဲ့ ခရီးသွားကဏ္ဍကို ပြန်လည် စတင်ပြီး နိုင်ငံတကာခရီးသည်တွေကိုလည်း မူဝါဒ အသီးသီးနဲ့ ပြန်လည်လက်ခံနေပြီဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ခရီး သွားလာရေးဝန်ကြီးဌာနကတော့  လာမယ့် နှစ်ဆန်းပိုင်းမှာ ပြည်ပခရီးသည်တွေကို မြန်မာနိုင်ငံအနေနဲ့ ပြန်လည်လက်ခံပေးနိုင်ဖို့ မျှော်မှန်းလုပ် ဆောင်နေပါတယ်။

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုကြောင့် လုံခြုံမှု၊ တည်ငြိမ်၊ အေးချမ်းမှု မရှိသေးတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပြန်လည်ဝင်ရောက်လာဖို့ စစ်ကောင်စီရဲ့ မျှော်လင့်ချက်က  ဖြစ်နိုင်ခြေ အင်မတန်နည်းတယ်လို့ သုံးသပ်ကြပါတယ်။

ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက “ဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ နိုင်ငံတစ်ခုမှာ တည်ငြိမ်အေးချမ်းမှုရှိမှ ခရီးသွားက လာမှာလေ၊ ကိုယ့်ဘက်က ဒါကို မပြနိုင်ဘဲနဲ့ လုပ်ဖို့ဆိုတာက တော်တော်ခဲယဉ်းမှာပါ။ နောက်တစ်ခုက ကိုဗစ်ကိစ္စ။ ခရီးသွားကဏ္ဍက လူတွေတင် ကိုဗစ်ကာကွယ်ဆေး ထိုးထားလို့မရဘူး။ နိုင်ငံရဲ့ လူ ၁၀၀ ရာခိုင်နှုန်းမဟုတ်တောင် ၈၀ ရာခိုင်နှုန်းလောက်ထိ ထိုးထားပြီး၊ ကာကွယ်ထားပြီးဖြစ်မှ အဆင်ပြေမှာပါ။ လောလောဆယ်တော့ နိုင်ငံတကာခရီးသွားတွေ မြန်မာနိုင်ငံကို ပြန်ဝင်လာနိုင်ဖို့ဆိုတာက အင်မတန် မျှော်လင့်ချက်  နည်းပါတယ်” လို့ သူရဲ့အမြင်ကို ပြောပါတယ်။ 

ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးကလည်း နိုင်ငံတကာခရီးသွားကို မျှော်မှန်းမယ်ဆိုပါက Visa စနစ်တွေ ပြန်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ 

စစ်ကောင်စီဟာ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေကိုလည်း လက်ရှိ ပွင့်လင်းရာသီမှာ  အသက်သွင်းနိုင်ဖို့ ကြိုးစားနေပြီး  ချောင်းသာ၊ ငွေဆောင်စတဲ့ ကမ်းခြေတွေနဲ့ တချို့ခရီးစဉ်ဒေသအချို့မှာ  ပြည်တွင်းခရီးသွားလာရောက်မူ တချို့ရှိနေပြီး ဟိုတယ်အချို့လည်း  ပြန်ဖွင့်လှစ်နေပါတယ်။ 

ကိုဗစ်မတိုင်မီက ထွန်းကားတိုးတက်လာတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းဟာ တစ်နှစ်ကို  ပုံမှန်အားဖြင့် ခရီးသွားဧည်သည် အရေအတွက် ၇ သန်း၊ ၈ သန်းဝန်းကျင်ထိ ရှိခဲ့ပါတယ်။ 

ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ရပြီး စစ်အာဏာသိမ်းမှုအကျိုးဆက်ကိုလည်း ဆက်ခံခဲ့ရတာကြောင့် အခုအခါမှာတော့ အများကြီး မျှော်လင့်လို့ မရနိုင်ဘူးလို့ ခရီးသွားလုပ်ငန်း ရှင်တစ်ဦးက ပြောပါတယ်။

“လက်ရှိ အနေအထားမှာတော့ အများကြီး မရှိနိုင်သေးဘူး။ လူတွေက ခရီးသွားရင် စိုးရိမ်စိတ်က နည်းနည်းလေး ရှိနေသေးတာကိုး။” 

ကိုဗစ် မတိုင်ခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို ပြည်ပဧည့်သည် လာရောက်မူကလည်း ၄ သန်းခွဲ နီးပါးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ဝင်ရောက်မှုထက် ၂၃ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါတယ်။

၂၀၂၀၊ ၂၀၂၁ ခုနှစ်တို့မှာ  ပြည်ပဧည့်သည် ၅ သန်းထိ လာရောက်ဖို့  မျှော်မှန်းထားပေမဲ့ ကိုဗစ်ကြောင့် ပျက်ပျယ်ခဲ့ရတာပါ။ ဒါကြောင့်  မြန်မာနိုင်ငံဟာ ပြည်ပခရီး သွားဝင်ရောက်မူကနေ ရရှိတဲ့ ဝင်ငွေကို ၂ နှစ်လောက်နီးပါးဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ နိုင်ငံခြားဧည့်သည်တစ်ဉီး ပြည်တွင်းမှာ သုံးစွဲတဲ့ ဝင်ငွေကို အကြမ်းအားဖြင့် ဒေါ်လာတစ်ထောင်နှုန်းနဲ့ တွက်ချက်လေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024