နွားသိုးကို နို့ညှစ်မိတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာလုယူမှုကြီး

အခုဆို ဗိုလ်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ အခွင့်အာဏာအရ အုပ်ချုပ်ခွင့်နဲ့ တရားဝင်မှုရှိတဲ့ ပြည်သူ့အစိုးရဆီကနေ အာဏာကို လုယူခဲ့တာ ၉ လ ကျော် ၁၀ လနီးပါးရှိလာပါပြီ။ အဲဒီလို အာဏာသိမ်းယူမှုဟာ အခုထိမအောင်မြင်ဘဲ စစ်အုပ်စုဟာ ကျဆုံးနေဆဲပါ။ 

‘မအောင်မြင်တဲ့ အာဏာသိမ်းပိုက်မှုကြီး’လို့ ကမ္ဘာသတင်းမီဒီယာတွေမှာ ရေးသားထားကိုလည်း တွေ့နေရတယ်။ ဒီတော့ မအောင်မြင်တဲ့ ဗိုလ်မင်းအောင်လှိုင်နဲ့ အပေါင်းပါတို့ရဲ့ အာဏာလုယူမှုကို ဆန်းစစ်လာမိတယ်။

အစိုးရတရပ်ကို ရုတ်တရက် အကြမ်းနည်းသုံးပြီး ဖြုတ်ချဖယ်ရှားပြီး အာဏာလုယူတာကို COUP D’ Etat ကူးဒီတာ’ လို့ ခေါ်ကြတယ်။ သူ့ ဖွင့်ဆိုချက်မှာကိုက “အစိုးရတရပ်ကို ရုတ်ခြည်း အကြမ်းနည်းသုံး၍ ဖြုတ်ချဖယ်ရှားကာ အာဏာလုယူခြင်း”လို့ ဖွင့်ဆိုကြတယ်။

‘အစိုးရတရပ်နဲ့ အကြမ်းဖက်လုယူ’ တာဆိုတဲ့ အချက်နှစ်ရပ် တွေ့ရတယ်။ ပြည်သူလူထုဆန္ဒအရ အုပ်ချုပ်ခွင့်ရှိနေတဲ့ အစိုးရဟာ တရားဝင်မှု (Legitimacy) ရှိခြင်းကို တရားဝင်မှုမရှိသူက လက်နက်နဲ့ အကြမ်းဖက်ပြီး အုပ်ချုပ်ခွင့် အာဏာကို လုယူခြင်းပဲ ဖြစ်တယ်။ 

အဲဒီလို အာဏာလုယူသူတွေဟာ စစ်တပ်ကို အသုံးချ အကြမ်းဖက်ပြီး လုယူတာလည်း ရှိသလို စစ်တပ်ကိုယ်တိုင်က အကြမ်းဖက်လုယူတာလည်း ရှိတယ်။ မြန်မာနိုင်မှာ အာဏာလုယူမှု ၅ ကြိမ်လုံးဟာ စစ်တပ်ကိုယ်တိုင် လက်နက်နဲ့ အကြမ်းဖက်လုယူခဲ့တာပဲ ဖြစ်တယ်။

၁၉၅၈ ခုနှစ် အခြေအနေကတော့ Coup d’ Etat ဆိုတာထက် Putsche ဖိအားပေး လုယူခြင်းလို့ ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်တပ်က အာဏာလုယူတာမို့ အာဏာလုယူမှု ၅ ကြိမ်လို့ပဲ ယေဘုယျ သတ်မှတ်ကြပါတယ်။ 

တည်ရှိနေဆဲ အစိုးရတရပ်ရဲ့ အာဏာကို ဖြုတ်ချရာမှာ နည်းလမ်း သုံးမျိုးသုံးသွယ် တွေ့ရတယ်။ ပထမတမျိုးက လက်နက်ကိုင်ပြီး တော်လှန်ရေးတရပ် ဆင်နွှဲခြင်း (Revolution) ပဲ။ ဒီနည်းက လက်ဝဲအယူအဆရှိသူတွေ ကျင့်သုံးတဲ့နည်းပါ။ ဒုတိယအမျိုးအစားကတော့ ဖိအားပေးဖြုတ်ချခြင်း Putsche ပေါ့။ ဒီနည်းကတော့ နောက်လိုက်လူထု အင်အားအထိုက်အလျောက်ရှိတဲ့ အာဏာရအစိုးရ မဟုတ်တဲ့ ပြင်ပအတိုက်အခံအဖွဲ့တွေရဲ့ လုပ်နည်းလုပ်ဟန်တခုပေါ့။ တတိယ နည်းလမ်းကတော့ အခု စစ်အုပ်စု လုပ်သလို အကြမ်းဖက်အာဏာလုယူခြင်း (Coup) မျိုးပါပဲ။ 

စစ်တပ်ကို ခါးပိုက်ဆောင်လုပ်ပြီး အာဏာလုယူကြရာမှာ အောင်မြင်တာရှိသလို မအောင်မြင်တာတွေလည်း ရှိတတ်ပါတယ်။ မအောင်မြင်ခဲ့ရင်တော့ လက်နက်ကိုင်ပြီး အကြမ်းဖက် နိုင်ငံတော်ပုန်ကန်တဲ့အတွက် နိုင်ငံတော်ပုန်ကန်မှုအပြင် စစ်ရာဇဝတ်ကောင်အဖြစ် တချိန်ချိန်မှာ ခုံရုံးအတင်ခံကြရမှာ ဖြစ်တယ်။ 

မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ လေးကြိမ်  အာဏာလုယူမှုတွေကတော့ အောင်မြင်ခဲ့ပါတယ်။ ဒီတကြိမ် ဗိုလ်မင်းအောင်လှိုင်ရဲ့ အာဏာလုယူမှုဟာ ၁၀ လနီးပါး ကြာချိန်အထိ အောင်မြင်မှုမရှိတာကို တွေ့ရတယ်။ ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်နဲ့ အပေါင်းအပါစစ်အုပ်စုရဲ့ အာဏာသိမ်းခြင်းဟာ “နွားသိုးကို နို့ညှစ်မိတဲ့ အာဏာလုယူမှုကြီး” လို့ တင်စားပြောဆို သရော် လှောင်ပြောင်လာကြပါတယ်။

လှောင်ပြောင်သရော်ချက်ဟာ ရိုင်းကောင်းရိုင်းနေပါလိမ့်မယ်။ ကြမ်းကောင်းကြမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ အသင့်တော်ဆုံး ခိုင်းနှိုင်းမှုဖြစ်ခဲ့တာကြောင့် လူထုကြားမှာ အတော်ကို ရေပန်းစားခဲ့ပါတယ်။ တကယ်တော့ ဗိုလ်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် ဖြစ်တဲ့ “သမ္မတအာဏာ”ကို စိတ်ကူးယဉ် ဖဲရိုက်ခဲ့ကြတာ ကြာပါပြီ။ ဗိုလ်မင်းအောင်လှိုင်မှ မဟုတ်ဘူး။ တပ်တွင်း ထိပ်တန်းနေရာရခဲ့တဲ့သူအားလုံးဟာ စစ်တပ်ကို လက်ကိုင်တုတ်လုပ်ရင်း တရှိုက်မက်မက် တောင့်တစိတ်ကူး ဖဲရိုက်ခဲ့ကြတာပါပဲ။

တရားတဲ့နည်းလမ်းနဲ့ လူထုထံက အာဏာကို ဘယ်လိုရယူရမယ်ဆိုတဲ့ အသိဉာဏ်ခေါင်းပါးလေတော့ ရတဲ့နည်းနဲ့ အင်အားသုံး အကြမ်းဖက်ပြီး ရယူလိုစိတ်က လွန်ကဲနေပေသကိုး။ ဒီတော့ မောဟတွေ ရှေ့ရောက်လာပြီး ‘ကြိုးခွေကို မြွေထင်လာ’တယ်။ ‘သစ်ငုတ်ကို သူရဲ မြင်’လာတယ်။ ‘ဖားပြုတ်ကို ခလုတ်’မှတ်တယ်။ နွာသိုးရဲ့ ‘ဘို့’ကိုပင် မမြင်နိုင်ဘဲ ‘ဘို့တန်’ကို ‘နို့တန်’ထင်ပြီး ညှစ်လိုက်တဲ့ လူမိုက် လူ့အန္ဓတယောက်လို အဖြစ်မျိုးနဲ့ ကြုံရတော့တာပေါ့။ 

ဟော… အခုတော့ ဆန့်ကျင်သူ ပြည်သူနဲ့ ထိပ်တိုက်တွေ့ပြီ။ ပြည်သူကို ရန်သူအမှတ်နဲ့ ပစ်ခတ် တိုက်ခိုက်ကြတယ်လေ။ ပစ်တာတောင်မှ ခေါင်းကို တည့်တည့်ပစ်ရသတဲ့။ “ခေတ်ပြောင်းချင်ရင် ခေါင်းကိုပစ်”ဆိုတဲ့ ‘အလဇ္ဇီ’စကား မြေဝယ်မကျ နားထောင်ရင်း ပြည်သူလူထုအပေါ် ရက်စက်လိုက်ပုံများ ‘မြသွဲ့သွဲ့ခိုင်၊ ကြယ်စင်လေး’တို့က နမူနာပေါ့။ သေလိုက်ကြတာ သောက်သောက်လဲ။ အပြစ်မဲ့ ပြည်သူပေါင်း နှစ်ထောင်ကျော်သွားပြီ။ 

ပစ်သတ်ခံရတာ မခံနိုင်တဲ့အဆုံး ‘ပြည်သူ့ကာကွယ်တွန်းလှန်ရေး’အဖွဲ့တွေ အလျှိုလျှို ပေါ်လာခဲ့တယ်။ ‘အမျိုးသားညီညွတ်ရေးအစိုးရ’ (NUG) တရပ် ပေါ်လာခဲ့တယ်။ အစိုးရဝန်ထမ်းတချို့လည်း ‘နွားသိုးကို နို့ညှစ်တဲ့‘ စောမည်း’တို့ လက်အောက်မှာ အမှုမထမ်းလိုတဲ့အတွက် အမှုထမ်းကနေ ထွက်လာတဲ့ ‘စီဒီအမ်(CDM)’တွေ ထွက်ပေါ်လာတော့ သူတို့ ယန္တရားလည်း ရပ်ဆိုင်းသွားပါရောလား။ ပြည်သူလူထုကလည်း အခွန်မဆောင်ရေး စစ်အုပ်စုနဲ့ မပူးပေါင်းရေး’တို့ကို တက်ကြွစွာ လုပ်ဆောင်လာကြတယ်။ စစ်အုပ်စုနဲ့ကင်းအောင် နေလာကြတယ်။

အဲဒီမှာ အခက်ကြီးကြုံရတော့တာပ။ ဘက်သုံးဘက်က စုပြုံတိုက်ခိုက်ခြင်း ခံရတော့တာပါပဲ။ ‘သံတမန်’စစ်မှာလည်း ‘အာဆီယံ’တောင် အသိအမှတ်အပြု မခံရ။ ကမ္ဘာ့ကုလသမဂ္ဂဆိုတာ ဝေလာဝေး။ ‘ဝင်ရိုးစွန်းမိစ္ဆာ’တွေလို့ အသတ်မှတ်ခံရသူတချို့ကတောင် ငြင်းပယ်လိုက်တယ်။ 

ပါးစပ်က ‘မချိသွားဖြဲ’ အားခဲလိုက်ပုံက “မိတ်ဆွေနည်းနည်းရှိရင် ရပြီ”တဲ့။ နိုင်ငံတခု တည်ဆောက်တယ်ဆိုတာ ထမင်းစား ရေသောက် ဆောင်ကြာမြိုင်ရောက်သလိုများ ထင်နေသလား မသိ။ အခုတော့ ဟိုလူ လာလေမလား၊ ဒီလူ လာလေမလားနဲ့ မျှော်ကိုးနေပေမဲ့ လာတော့လာတယ်၊ ခရီးကမရောက် ဖြစ်နေဟန်ပဲ။ ဟိုလူ့မျက်နှာသွေးရ၊ ဒီလူ့ မျက်နှာချိုသွေးရနဲ့ သခင်အောင်ဆန်း စကားနဲ့ ပြောရရင် ‘ဖာနိုင်ငံကြီး’ကို ဖြစ်လို့။ ဒါက သံတမန်ကိစ္စပဲ ရှိသေးရဲ့။

အုပ်ချုပ်ရေးအတွက် လူထုကို ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ပေမယ့် အောက်ခြေ ရပ်/ကျေးအုပ်ချုပ်ရေးလို့ ခေါ်တဲ့ ‘သူကြီး’တွေလည်း သေသူသေ၊ ထွက်သူထွက် အုပ်ချုပ်ရေး ပျက်ပြားနေတာ ကြာပေါ့။

မြန်မာနိုင်ငံရဲ့ မြေပြန့်ဒေသအချို့ဆိုရင် ‘ပီဒီအက်ဖ်’လို့ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကိုပဲ အားကိုးလာကြတယ်။ လောင်းကစားဝိုင်းကအစ ကြက်ပွဲအဆုံး ပီဒီအက်ဖ်တွေကိုပဲ တိုင်ကြားလာကြတယ်။ ပီဒီအက်ဖ်တွေရဲ့ အုပ်ချုပ်မှုကိုသာ နာခံလာကြတယ်။ မူးယစ်ဆေးဝါး၊ သစ်ခိုးထုတ်မှု၊ ခိုးမှု၊ လုယက်မှုအဆုံး ပီဒီအက်ဖ်တွေပဲ ဖြေရှင်းပေးနေရတယ်။

မြေပြန့်ဒေသ ကျေးလက်တွေမှာတော့ စစ်သားလာရင် ရွာလုံးကျွတ် ထွက်ပြေးကြတယ်။ ‘ပီဒီအက်ဖ်’ တွေလာရင် သပြေပန်းနဲ့ လက်ကမ်းကြိုကြတာတွေလည်း မြင်တွေ့နေရတယ်။ ဒီလို ဖြစ်လာအောင်လည်း စစ်အုပ်စုက ရွာတွေကို မီးရှို့၊ ဒေသခံတွေကို ပစ်သတ်၊ မုဒိမ်းကျင့်၊ စုဆောင်းထားသမျှ ငွေကြေးကအစ လက်ဝတ်ရတနာအဆုံး အားလုံးကို ခိုးဝှက်ယူတာတွေကို  ပြည်သူတွေ ရင်ဆီးခံခဲ့ရတာ နေရာအနှံ့ ဒေသအစုံစုံ ဖြစ်နေတာကိုး။ ဆိုင်ကယ်တွေဆိုလည်း လုယူနေကြတာ။ ပိုင်ရှင်တွေအတွက်တော့ ရင်နာစရာ။ ဒီတော့လည်း ‘အချို့ဒေသတွေကို အုပ်ချုပ်ရေး မလွှမ်းမိုးနိုင်သေးကြောင်း’ ဗိုလ်ဇော်မင်းထွန်း ကိုယ်တိုင် ဝန်ခံသွားရတာပဲမို့လား။ 

တရားဥပဒေစိုးမိုးရေးတို့ ဥပဒေလိုက်နာခြင်းတို့ ဆိုတာတွေကို ပါးစပ်က တကြော်ကြော်အော်ရင်း တရားစီရင်ရေးတခုလုံး စစ်တပ် လက်အောက်ခံ ဖြစ်သွားပြန်ရော။ တရားဥပဒေရဲ့အထက်မှာ ဗိုလ်မင်းအောင်လှိုင် ရှိနေတယ်။ မတရားပြစ်ဒဏ်တွေ ချခဲ့လိုက်ပုံများ ထောင်ဒဏ် အနှစ် ၇၅ နဲ့ နှစ် ၉၀ တဲ့။ ဗိုလ်မင်းအောင်လှိုင် ဗိုလ်ကျလွှမ်းမိုးတာကို ဆန့်ကျင်ရင် လူ့သက်တမ်းလွန် ထောင်ဒဏ် အချခံကြရမယ်လို့ အသိပေးလိုသလော မဆိုနိုင်။ အရှက်မရှိပုံများ တရားသူကြီးအားလုံး စစ်ကျွန်ဘဝ ရောက်ပါရောလား။ ပညာမာနကင်းတဲ့ စစ်ကျွန်တွေလို့ပဲ ရင်နာနာနဲ ဘဝင်စိတ်ချ လိုက်ရတော့တယ်။ ဥပဒေနဲ့ ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ အဖွဲ့အစည်းတခုပေပဲ။ 

ငွေကြေးဖောင်းပွမှုကလည်း မကြုံစဖူး ထူးကဲအခြေအနေ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ကုမ္ပဏီတွေလည်း ထွက်ခွာကုန်ပြီ။ ရောင်းစရာ သစ်တောနဲ့ သယံဇာတတွေကလည်း အရင်စစ်အာဏာရှင်တွေ ရောင်းစား၊ ကိုယ်ကျိုးရှာခဲ့လို့ ကုန်လုနီးနေပြီ။ စီးပွားရေးချွတ်ခြုံ ကျနေပုံကလည်း ဦးပုည ရေသည်ပြဇာတ်ထဲကလို ‘ခါးစည်းဝတ်လဲ ချုပ်စပြဲကိုတဲ့ အပ်နဲ့တွယ်’ ထားရတဲ့ အဖြစ်။ ဒါတောင် ‘လေဘေးထည်ဆိုင်လေး’ရှိလို့ အရှက်လုံကြရတာ။ သူများတွေ စီးပွားရှာတာများ လွယ်လိုက်တာ ‘ငွေတိုက်စာချုပ်’ ထုတ်ရောင်းတာ ၃ နာရီအတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရဆိုပဲ။ အေးလေ ဒါကတော့ NUG ဆိုတာ တရားဝင်မှုရှိတဲ့ အစိုးရပေကိုး။ ငွေတိုက်စာချုပ်ဆိုတာ တရားဝင်အစိုးရမှ လုပ်လို့ရတဲ့သဘော ထင်ပါရဲ့။

စစ်ရေးအခြေအနေ ကြည့်တော့လည်း စစ်သားအင်အား မလုံလောက်တာကြောင့် အိုကြီးအိုမ သံချေးတက်တွေနဲ့ အကျိုးအကန်းတွေအပြင် လမ်းဘေးအလေအလွင့် ကလေကချေ လန်ဘန်တွေကို ပျူစောထီးဆိုပြီး နေ့စားခပေး စစ်သားလုပ်ခိုင်းရသတဲ့။ ပျူစောထီး ဆိုတာလည်း နေ့မြင်ညပျောက်။ ကွေးသောလက် မဆန့်မီ ဆန့်သော လက်မကွေးမီမှာ တူမီးစာ မိတာများနေလို့ အကျိုးအပြတ်တွေနဲ့ အပိုးအထပ် လုပ်နေရတာကို ကြားနေရတယ်။ 

နိုင်ငံရေးအရ ရှုံးနေတာကတော့ အာဏာစတင်လုယူချိန်ကတည်းကပဲ။ သံတမန်ရေးအရ ရှုံးနေတာကလည်း ‘အမျိုးသားညီညွတ်ရေးအစိုးရ’ ဖွဲ့ပြီးချိန်က စတာပဲ။ စီးပွားရေးအရ ရှုံးနေတာကလည်း လူထုဆန္ဒပြပွဲတွေနဲ့ အတူပေါ့။ ဒါကြောင့်လည်း အာဏာလုယူတဲ့ ဗိုလ်မင်းအောင်လှိုင်နဲ့ အပေါင်းပါတစုကို “နွားသိုးကို နို့ညှစ်မိတဲ့ လူ့အန္ဓတွေ’ လို့ ပြောကြတာပေါ့။ ဟော… အခုတော့ ‘ဘို့တန်’မှန်း မသိ၊ ‘နို့တန်’မှန်း မသိ သွားညှစ်မိတော့ ပီဒီအက်ဖ်တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကန်အကျောက်၊ အဝှေ့အခတ်မှာ ချိုဖျားအသက်ပါကြရပြီ။ 

ကဲ... ပြည်သူ့ဆန့်ကျင်ဘက်မှာ ဘယ်သူ နေရဲလဲ။ ပြည်သူ့ဆန့်ကျင်ဘက်မှာ နေတဲ့သူဟာ ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို မုချခံကြရမှာပဲ။ ပြည်သူ မုန်းရင် စစ်ရှုံးတတ်တယ်။ ဒီလိုအခြေအနေတွေ ကြောင့်လည်း လူမှုကွန်ရက်မျက်နှာစာနဲ့ ပြည်တွင်း ပြည်ပ၊ ပြည်သူလူထုကြားမှာ “ဘို့တန်မှန်း မသိ နို့တန်မှန်း မသိ နွားသိုးကို နို့ညှစ်မိတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းပါတစု”ကို လူအန္ဓတွေလို့ လှောင်ပြောင်သရော်နေတာကို မြင်တွေ့နေရပါကြောင်း ကြေညာမောင်းခတ်လိုက်ရပါတယ်။   

 ဂန္ထဝင်မောင်ထူး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up