အမေရိကန်တွင် ခရစ္စမတ်ချီတက်ပွဲကို ကားဖြင့်ဝင်တိုက်၊ လူ ၅ ဦးသေဆုံးပြီး ၄၈ ဦးဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊  ဝစ္စကိုဆင်ပြည်နယ်က ခရစ္စမတ်ချီတက်ပွဲမှာ ကားမောင်းသမား တယောက်က လူအုပ်စုကို အရှိန်နဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ အကြမ်းဖက်မှုနဲ့ မပတ်သက်ဘူးလို့  ရဲတပ်ဖွဲ့က  နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်က မီဝါးခီးမြို့ အနောက်ဘက် မိုင်၂၀ အကွာက ဝါခီရှာမြို့မှာ ခရစ္စမတ် ချီတက်ပွဲကို အရှိန်မြှင့် မောင်းလာတဲ့ ကားက ဝင်တိုက်ခဲ့လို့ လူ ၅ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် လူ ၄၈ ယောက် ဒဏ်ရာရခဲ့တာပါ။

ဒီအမှုကို စုံစမ်းစစ်ဆေးရာမှာ ဒေသခံ ရဲတွေကို ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI က ကူညီနေပါတယ်။ ဒီအမှုအတွက် အသက် ၃၉ နှစ်အရွယ် ကားမောင်းသူ ဒါရယ် ဘရွတ်ခ်စ်ကို ရဲက အမှုဖွင့်ထားတယ်လို့ ရိုက်တာ သတင်းမှာရေးပါတယ်။

ကားမောင်းသမားဟာ အရာရှိတယောက်ကို ဟန့်တားမှု၊ အာမခံ သတ်မှတ်ချက်တွေကို ကျော်လွန်ဆောင်ရွက်မှုနဲ့ ရိုက်နှက်မှုတွေနဲ့လည်း တရားစွဲ ခံထားရသူဖြစ်ပါတယ်။

More News
Up