တောင်ကိုရီးယားတွင် စာသင်ကျောင်းများ အချိန်ပြည့်ပြန်ဖွင့်

တရုတ်နိုင်ငံပြင်ပ အကြီးစားကူးစက်မှုကို ရင်ဆိုင်ရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်တဲ့ တောင်ကိုရီးယားဟာ ၂၀၂၀ နှစ်ဆန်းတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စတင်တိုက်ပွဲဝင်ခဲ့ရပြီး ခုတော့ ပထမဆုံးအနေနဲ့ နိုင်ငံတဝန်းလုံးက ကျောင်းတွေကို အချိန်ပြည့် လူကိုယ်တိုင် တက်ရောက်နိုင်ဖို့ နိုဝင်ဘာ ၂၂ ရက်ကစပြီး ပြန်ဖွင့်လိုက်ပါတယ်။

အရင်လက ကာကွယ်ဆေးထိုးနှံရေးပန်းတိုင် ပြည့်မီသွားပြီးတဲ့နောက် ခုတော့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အတူယှဉ်တွဲနေထိုင်ခြင်း စီမံကိန်းအစိတ်အပိုင်းအနေနဲ့ တောင်ကိုရီးယားဟာ ကျောင်းတွေကို အပြည့်ပြန်ဖွင့်လိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တိုက်ပွဲဝင်ခဲ့တဲ့ အချိန်အတွင်းမှာ အဆင့်အသီးသီးက ကျောင်းတွေကို ပိတ်ပစ်ခဲ့ရပြီး အဝေးသင်စနစ်နဲ့ ပေါင်းစပ် စီစဉ်ဆောင်ရွက် သင်ကြားခဲ့ရပါတယ်။

တောင်ကိုရီးယား လူဦးရေ စုစုပေါင်းရဲ့ ၇၈ ဒသမ ၈ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးအပြည့် ထိုးနှံ ပြီးစီးပြီး အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား လူငယ်တွေအတွက် ကာကွယ်ဆေးအပြည့် ထိုးနှံ ပြီးစီးနှုန်းက ၁၂ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။

တကယ်လို့ ကူးစက်မှုအခြေအနေက လိုအပ်ခဲ့ရင် ကျောင်းတွေကို အဝေးသင်စနစ် ပြန်ကျင့်သုံးခွင့် ပေးပြီး တခြား ပေါင်းစပ်အစီအစဉ်တွေဆီကို ရွှေ့ပြောင်းနိုင်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပါးစပ်နှာခေါင်းစည်းတွေ အခန်းကန့်တဲ့ အကာအရံတွေနဲ့ တခြား လူချင်းခွာနေရမယ့် ဆောင်ရွက်ချက်တွေကို ဆက်လက်ကျင့်သုံးရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ဗိုင်းရပ်စ် အသစ်ကူးစက်ခံဦးရေ ၂၈၂၇ ယောက် ရှိလို့ သီတင်းပတ် တပတ်နီးပါး ပျမ်းမျှ နေ့စဉ်ကူးစက်ခံဦးရေ အယောက် ၃၀၀၀ အောက် လျော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

More News
Up