အမေရိကန်နိုင်ငံ ဝစ္စကိုဆင်ပြည်နယ် ဝါခီရှာမြို့မှာ နိုဝင်ဘာ ၂၁ ရက်က အားလပ်ရက်ချီတက်ပွဲကို ကားတစီး မောင်းဝင် တိုက်မိခဲ့လို့ လူအယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဝါခီရှာ ရဲမှူး ဒယ်နီယယ် သွန်မ်ဆင်က “အနီရောင် SUV ကားက အားလပ်ရက် ချီတက်ပွဲကို မွန်းလွဲပိုင်းမှာ ဝင်တိုက်ခဲ့တာ။ ဒဏ်ရာရသူတွေကို ရဲတွေနဲ့ ဒေသခံတွေက လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို ပို့ပေးခဲ့တယ်၊ အခင်းဖြစ်ရာနေရာကို အရံအတားတွေနဲ့ ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးနေတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
လူမှုကွန်ရက်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ရုပ်သံထဲမှာ ကားတိုက်မှုအပြီး ခရစ္စမတ်မီးတွေ ထွန်းထားတဲ့ လမ်းထဲမှာ ရဲကားတွေနဲ့ လူနာတင်ယာဉ်တွေ စည်ကားနေတာကို ပြထားပါတယ်။