မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့တပ်စခန်းတခုကို ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ KNLA တပ်ရင်း ၃ က သွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ဒဏ်ရာရရှိပြီး မော်တော်ယာဥ်ရုံ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၇ (သိမ်ဇရပ်)တပ်စခန်းကို တပ်မဟာ ၁၊ KNLA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်တွေက အန်စီအေစာချုပ် ပါအချက်တွေကို ချိုးဖောက်ပြီးဝင်ရောက်လာသလို ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး အကြိမ်ကြိမ်ချိုးဖောက်နေတဲ့အတွက် ဒေသခံတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ရတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်လောက်ဟာ နယ်မြေကျော်ဝင်ရောက်လာပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ပျက်စီးခဲ့တဲ့အပြင် ရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သိမ်ဇရပ်တပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံရွာသားတစ်ဦးက"တပ်စခန်းမှာ ပစ်ခတ်သံတွေကြားပြီး တပ်က ၃ ယောက်ထိမှန်တယ်လို သိရတယ်။ တပ်က ကောင်တွေက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာကလူတွေ ထွက်ပြေးနေရတယ်။ အိမ်တွေ၊ စျေးဆိုင်တွေ ထိမှန် ပျက်စီးကုန်တယ်"လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၅ ရက်က ကျိုက်ထိုမြို့နယ်၊ မိုးဘောရွာဟောင်းနဲ့ မိုးဘောနတ်စင်ကြားမှာ KNLA တပ်ရင်း ၃ နဲ့ စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံတပ်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ-FBR