မကွေးမြို့ သပိတ်တိုက်ပွဲဦးဆောင်သူ နှစ်ယောက်ကို မိဘတွေက နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ နိုင်ငံပိုင်သတင်းစာကနေ သားအဖြစ်မှအမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာလိုက်တယ်လို့ သိရပါတယ်။
မကွေးလူထုသပိတ်ကို ဦးဆောင်ခဲ့သူ ၂ ယောက်ဖြစ်တဲ့ နည်းပညာတက္ကသိုလ်(မကွေး) ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုချစ်ဝင်းမောင်နဲ့ မကွေးတက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ကိုနောင်သူရိန်တို့ ၂ ယောက်ဟာ အောက်တိုဘာ ၁၉ ရက်မှာ မကွေး အကျဉ်းထောင်က ပြန်လွတ်လာပြီး မိဘတွေက အမွေပြတ်စွန့်လွှတ်လိုက်ကြတာလို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ လူထုသပိတ်တိုက်ပွဲကို ဦးဆောင်ရင်း ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီးတော့ ပုဒ်မ-၅၀၅(က)နဲ့ အမှုရင်ဆိုင်ရင်း ၈ လ ကျော်အကြာမှာ ပြန်လွတ်ပြီးတော့ လွတ်တဲ့နေ့ကတည်းက အိမ်မပြန်တော့တာဖြစ်ပါတယ်။
ပြည်သူသာအမိ၊ ပြည်သူသာ အဖလို့ သက်ဝင်ယုံကြည်ထားလို့ မိဘပြည်သူအားလုံး ကျနော့် မိဘတွေပဲမို့ ယုံကြည်ရာလမ်းအတိုင်း ဆက်လျှောက်ပါ့မယ်လို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။
လက်ရှိ မကွေးမြို့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့သူတွေ စုစည်းပြီး နိုဝင်ဘာ ၁၉ ရက်မှာ မကွေးလူထုတိုက်ပွဲကော်မတီကို စတင်ဖွဲ့စည်းကာ စစ်အာဏာရှင်ကို အပြီးတိုင်အမြစ်ပြတ် သုတ်သင်သွားမယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ ရက်ကတည်းက ဒီတော်လှန်ရေးပြီးရင် အိမ်ပြန်လာခဲ့ပါမယ်လို့ စာတစောင်ရေးပြီး အိမ်ကထွက်လာခဲ့တာကြောင့် အခုထိ အိမ်နဲ့ မဆက်သွယ်မိအောင် နေခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အခုလို အမွေဖြတ်စွန့်လွှတ်လိုက်တော့လည်း ကျနော့်ကြောင့်ဒုက္ခမရောက်တော့ဘူးပေါ့လို့ မကွေးတက္ကသိုလ် ကျောင်းသားခေါင်းဆောင် ကိုနောင်သူရိန်က ပြောပါတယ်။
ကျဆုံးခဲ့တဲ့ရဲဘော်တွေထက် စာရင်၊ ထောင်ထဲမှာကျန်ခဲ့တဲ့ရဲဘော်တွေထက် စာရင် အမွေဖြတ်ခံရတာက ဖြေသာပါတယ်လို့လည်း ဆိုပါတယ်။
အိမ်ဆိုတာလည်း ကမ္ဘာမြေပါပဲ အနှောင်အဖွဲ့ကင်းသွားတော့ အလုပ်တွေ ပိုလုပ်လို့ရတာပေါ့လို့ ကိုနောင်သူရိန်က ဖြည့်စွက်ပြောပါတယ်။
အခုသီတင်းပတ်အတွင်း နေ့စဉ် သတင်းစာတွေမှာ သားသမီးအဖြစ်မှအမွေပြတ် စွန့်လွှတ်ကြောင်း ကြော်ငြာတွေ အများအပြားကို နေ့စဉ်တွေ့နေရတာဖြစ်ပြီး နာမည်ကြီး အဆိုတော် ကျားပေါက်ကိုလည်း သူ့ရဲ့ မိဘတွေက မကြာသေးခင်ကမှ အမွေပြတ်ကြေညာထားပါတယ်။