ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီး အနည်းဆုံး ၁၄ ရက်ပြည့်ပြီးသူတွေအနေနဲ့ ကိုဗစ် စစ်ဆေးစရာမလိုဘဲ ပြည်တွင်းလေကြောင်းလိုင်းတွေကို စီးနင်းနိုင်ပြီလို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ခြွင်းချက်အနေနဲ့ကတော့ ကော့သောင်း၊ ထားဝယ်မြိတ်နဲ့ ကလေးမြို့နယ်တို့မှာ နေထိုင်သူတွေကတော့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပေမဲ့ RDT Kit နဲ့ စစ်ဆေးတာကို မဖြစ်မနေ လုပ်ရမယ်လို့ နိုဝင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်တွေမှာ ဖော်ပြထားတာပါ။
ခရီးသည်တွေအနေနဲ့ ဘာထောက်ခံချက်တခုမှမလိုဘဲ လေယာဉ်လက်မှတ်ကို ပုံမှန်အတိုင်း ဝယ်ယူနိုင်ပြီး စီးနင်းနိုင်ဖို့အတွက်ကတော့ သံသယဖြစ်စရာ ဖျားတာ၊ ချောင်းဆိုးတာ၊ ပိုးတွေ့လူနာနဲ့ ၂ ပတ်အတွင်း ထိတွေ့တာမျိုး မရှိဖို့တော့ လိုပါတယ်။
တကယ်လို့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးပေမဲ့ ဒုတိယအကြိမ်ထိုးပြီးတာ ၁၄ ရက် မပြည့်သေးရင်တော့ ခရီးမထွက်ခင် ၄၈ နာရီအတွင်း သတ်မှတ်ထားတဲ့နေရာတွေမှာ RDT Kit နဲ့ စစ်ဆေးပြီး ပိုးမရှိကြောင်း စမ်းသပ်ချက်အဖြေကို Check in ဝင်တဲ့အချိန် ပြသနိုင်ရမယ်လို့ ဆိုပါတယ်။
ပြည်တွင်းခရီးသွားတွေအတွက် လေယာဉ်ကွင်းရှိတဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေမှာ သတ်မှတ်ချိန်အတွင်း ပိတ်ရက်မရှိ ကိုဗစ် စစ်ဆေးနိုင်သလို ခွင့်ပြုထားတဲ့ ဓာတ်ခွဲခန်းတွေနဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာလည်း စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် ပြည်တွင်းလေဆိပ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်စစ်ဆေးရေး ဓာတ်ခွဲခန်းတွေမှာလည်း လေယာဉ်မထွက်ခင် အချိန်မီကြိုတင် စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။