တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မှာဖြစ်ပြီး မီတာပုံမှန်ဆောင်တဲ့ နေရာဒေသတွေကိုတော့ ပုံမှန်မီးရအောင်ပေးဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဌာနတွေကို ပေးပို့တဲ့စာ ဖော်ပြထားပါတယ်။
ဓာတ်အားဖြန့်ဖြူးတဲ့ မဟာဓာတ်အားလိုင်း တိုင် ၆ တိုင်ကို အရေးပေါ်ပြုပြင်ရမှာ ဖြစ်တာကြောင့် တလလောက် ကြာနိုင်ပြီး ဝန်အား ၁၅၀ မဂ္ဂါဝပ်လောက် လျှော့ချနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။
အင်ဂျင်နီယာချုပ်က ပေးပို့တဲ့စာမှာတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းကို ၂၅ မဂ္ဂါဝပ်နဲ့ အများဆုံးလျှော့ချဖို့ စီစဉ်ထားပြီး မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းကိုတော့ ၂၀ မဂ္ဂါဝပ်စီ လျှော့ချမှာ ဖြစ်ပါတယ်။
ညနေ ၆ နာရီက ည ၈ နာရီအထိ မီးဖြတ်ဝန်အားလျှော့ချမယ်လို့ အဲဒီစာမှာ ဖော်ပြထားပြီး ရန်ကုန်၊ မန္တလေးနဲ့ တနင်္သာရီတိုင်းတို့ကတော့ လျှော့ချမယ့် စာရင်းထဲ မပါဝင်ပါဘူး။
မီးဖြတ်တဲ့အခါ နေ့တိုင်းမဖြစ်အောင် အလှည့်ကျစနစ်လုပ်ဖို့နဲ့ လစဉ်မီတာခ ပုံမှန်ပေးတဲ့ မြို့၊ ရပ်ကွက်တွေကိုတော့ ပုံမှန်ဓာတ်အားရတဲ့အုပ်စုမှာထည့်ပြီး အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ရအောင် အထူးဂရုပြုရမယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ တက်လာပြီးနောက်ပိုင်း အန်အယ်လ်ဒီအစိုးရလက်ထက်က လျှော့ပေးခဲ့တဲ့ မီတာခသက်သာခွင့်တွေကို ရပ်ဆိုင်းလိုက်သလို ပြည်သူတွေကလည်း မီတာခ မပေးဘဲ ဆန့်ကျင်ခဲ့တာကြောင့် နေရာတော်တော်များများမှာ မီတာခမဆောင်တဲ့ အိမ်တွေကို စစ်တပ်က မီးဖြတ်နေပါတယ်။