စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်စီးလို့ဆိုပြီး နိုဝင်ဘာ ၂၀ ရက် မနက် ၁၀ နာရီကျော်လောက် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က "သူတို့က ကျီကုန်းအရှေ့ရွာက။ ချောင်းဦးကနေ ကျီကုန်းကိုအပြန် ခင်မွန်မှာ ပစ်ခံရတာ။ ဘောလုံးကွင်းနားမှာ။ တယောက်က ပြုတ်ကျကျန်ခဲ့တယ်။ သူ့ကို စစ်သားတွေက ကားပေါ်တင်သွားတယ်" လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ကိုတင်မောင်အေးဖြစ်ပြီး ဆိုင်ကယ်မောင်းသူကတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီလောက်မှာ စစ်သားတွေဟာ အိမ်စီးကား ၇ စီးနဲ့ ကျီကုန်းရွာက သေဆုံးသူအိမ်ကိုရောက်လာပြီး ရှာဖွေ မွှေနှောက် ပြန်သွားတယ်လို့လည်း သိရပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထွက် ခြောက်မိုင်စစ်ရေးဂိတ်မှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုကြိမ်းမောင်းပြီး ထိုင်ထလုပ်ခိုင်းနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အခုနိုဝင်ဘာလကစပြီး ထားဝယ်၊ မြိတ် အပါအဝင် မြို့နယ် ၈ မြို့နယ် ထက်မနည်းမှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးတာနဲ့ အမျိုးသမီးအနောက်က အမျိုးသား လိုက်ပါစီးနင်းမှုတွေ အမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။