မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီလောက်က စစ်ကောင်စီ တပ်စခန်းနဲ့ အချုပ်ထောင်အပြင် စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီး စစ်ကောင်စီ ဘက်က အထိခိုက်အကျဆုံးရှိနိုင်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က မြို့မရဲကင်း၊ တောင်ကချင်ရပ်ကွက်က အချုပ်ထောင်နဲ့ စစ်ကောင်စီတပ်ရဲ့ ငါးရံ့အင်းရှေ့တန်းတပ်စခန်းတွေအပြင် လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုပါ ပတ္တမြားမြေ PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
မိုးကုတ်အချုပ်ထောင်ကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး၊ ငါးရံ့အင်းစခန်းနဲ့ EPC လျှပ်စစ်ရုံး ဝန်းအတွင်းကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် ကျဆုံးအခြေအနေကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
"ညက သေနတ်တွေကဆက်တိုက်ပဲ ၊ ဗုံးပေါက်ကွဲသံတွေလည်း ကြားရတယ်။ ဘယ်နေရာတွေ ပစ်တယ်ဆိုတာကို အတိအကျမသိဘူး၊ နေရာအနှံ့ပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မှာ မနေ့ညက ပစ်ခတ်နေချိန် ဆင်တောင်ဘုန်းကြီးကျောင်းကနေ ထွက်ကြည့်မိတဲ့ လူငယ်တယောက်ကတော့ မင်းတံတားရပ်ကွက်က EPC ရုံးအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ စနိုက်ပါသမားပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။
အသက် ၂၀ အရွယ် မောင်ထက်ဝေယံ (ခ) မောင်သားထက်ဟာ ရင်ဘတ်ကို သေနတ် ကျည်ဆန် ထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။