ဂရိတွင် ကယ်ဆယ်ရေးလုပ်သား ၂၄ ဦးကို သူလျှိုမှုဖြင့် စစ်ဆေး

ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းပေါ်က ဒုက္ခသည် ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ အကူအညီပေးရေး လုပ်သား ၂၄ ယောက်ကို နိုဝင်ဘာ ၁၈ ရက်က တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

သူလျှိုမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုအပါအဝင် သူတို့ကို စွဲဆိုထားတဲ့ အမှုတွေကို အာဏာပိုင်တွေက ပြန်ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးအုပ်စုတွေက တောင်းဆိုနေတဲ့ကြားက ခုလို စစ်ဆေးခဲ့တာပါ။

သူတို့ထဲက တချို့ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး ၂၀၁၆ ကနေ ၂၀၁၈ ကြား လက်စ်ဘော့စ် ကျွန်းပေါ်မှာ လုပ်ကိုင်ခဲ့တဲ့ အကျိုးအမြတ်မယူတဲ့ ရှာဖွေကယ်ဆယ်ရေး အုပ်စုဖြစ်တဲ့ အရေးပေါ် တုံ့ပြန်ရေးနိုင်ငံတကာဌာန (ERCI) ရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

သူတို့ဟာ ထောင်ဒဏ် ၈ နှစ်နဲ့ ငွေဒဏ်တွေအပြင် ပိုအရေးကြီးတဲ့ ကြီးလေးတဲ့ ပြစ်မှုတွေကိုပါ ရင်ဆိုင်နေရတာပါ။

လူကုန်ကူးမှု၊ ရာဇဝတ်အုပ်စုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ငွေကြေးခဝါချမှုတွေလို အမှုတွေ အတွက်လည်း စုံစမ်းစစ်ဆေးခံနေရပြီး ဒီအမှုတွေဟာ ထောင်ဒဏ် ၂၅ နှစ်ထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်ပါတယ်။

ခုခံလျှောက်လဲသူတွေကတော့ စွဲချက်တွေကိုငြင်းပြီး အပြစ်မရှိဘူးလို့ ထွက်ဆိုဖို့ မျှော်လင့်ထားကြပါတယ်။ တရားရုံးကြားနာပွဲတွေကို လက်စ်ဘော့စ်ကျွန်းပေါ်မှာ ကြာသပတေးနေ့က စခဲ့ပါတယ်။

ပင်လယ်ထဲမှာ အသက်ဘေးတွေ့နေတဲ့သူတွေကို ကူညီဖို့ ကြိုးစားသူတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဖို့ လုပ်တာ ဒေါသထွက်မိတယ်လို့ ကယ်ဆယ်ရေး ရေငုပ်သမား ရှောင်ဘိုင်ဒါက ပြောပါတယ်။

အိုင်ယာလန်နိုင်ငံသား ရှောင်ဟာ သူလျှိုမှုနဲ့ လိမ်လည်အတုလုပ်မှုတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အကြီးတန်း လှုပ်ရှားသူဟာလည်း ဒီတရားခွင်ကို တက်ရောက်ခဲ့ပြီး စွဲချက်တွေက အခြေအမြစ် မရှိဘူးလို့ ပြောပါတယ်။

ဒီအမှုဟာ ဥရောပရဲ့ သွေးစည်းမှုအပေါ် အကြီးဆုံး ရာဇဝတ်မှု ကျူးလွန်ခြင်းလို့ ဥရောပ လွှတ်တော်က ဇွန်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ခေါ်ဝေါ် သုံးနှုန်းထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီး Human Rights Watch ကလဲ ဒီတရားခွင်ကို ပြစ်တင်ဝေဖန် လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up