စစ်ဘေးရှောင်မိသားစုတွေအတွက် တန်ဆောင်မုန်းလပြည့် စားနပ်ရိက္ခာအလှူ ပါဝင်လိုသူတွေ အနေနဲ့ Clean Yangon အဖွဲ့ကတဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထား ပါတယ်။
အခုကာလဟာ တောင်သူတွေအနေနဲ့ စိုက်ပျိုးထားသမျှကို ပြန်ရိတ်သိမ်းရတဲ့ ကာလဖြစ်ပြီး ရိတ်သိမ်းပြီးသမျှ စပါးတွေကို အဆင်ပြေပြေရောင်းချနိုင်မှသာ တနှစ်စာအတွက် ဝင် ငွေရရှိကြမှာဖြစ်ကာ တဖက်မှာလည်း တိုးပွားလာနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်က ကြီးမားနေတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ တောင်သူတွေလည်း ဝင်ငွေရသလို စစ်ရှောင်တွေလည်း ရိက္ခာအဆင်ပြေကြရအောင် စေတနာရှင်တွေက တဖက်တလမ်းကနေပြီး ဒီအစီအစဉ်လေးက တစ်ဆင့် ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားပြီး Clean Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Message Box ကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။
ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။
Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန် ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။